ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ်ဦးရေ ရ၀ အထိ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် လယ်ယာမြေပြဿနာများကို အောက်တိုဘာ ၁ ရက်တွင် ပြန်စမည့် အဌမ အကြိမ််မြောက် ပြည်ထောင်စုလွှတ်တော်တွင် အဓိကဆွေးနွေးမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အဓိကပြဿနာဖြစ်ခဲ့ရသည့် လယ်ယာမြေပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မတီ တွေ့ရှိခဲ့သည့် အစီရင်ခံစာ ၃ ခုအနက် ၂ ခုကို ၀န်ကြီးဌာန ၅ ခုမှ ပြည်ထောင်စုအဆင့် ၀န်ကြီးငါးဦးက ယနေ့တွင်ဆွေးနွေးမည် ဖြစ်သည်။
ယနေ့ဆွေးနွေးကြမည့် ၀န်ကြီးဌာန ငါးခုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုအဆင့် ၀န်ကြီးများက လာရောက်ဆွေးနွေးမည်ဟု အဌမအကြိမ််မြောက် ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ်တွင် ပါရှိသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၃ ခုတွင် စစ်တပ်ကသိမ်းထားသည့် လယ်ယာမြေများ၊ အစိုးရစီမံကိန်းလုပ်ငန်းများ အတွက် သိမ်းထားသည့် လယ်ယာမြေများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ သိမ်းထားသော လယ်ယာမြေ စသည်တို့ ပါ၀င်သည်။
သို့ရာတွင် ယနေ့ ဆွေးနွေးမည့် အစီအစဉ်တွင် တပ်သိမ်းမြေများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန က လာရောက်ဆွေးနွေးမည့် အစီအစဉ်ပါရှိသည်ကို မတွေ့ရပေ။
လယ်ယာမြေ အငြင်းပွားမှုများနှင့် ပတ်သက်၍လည်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်မည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ယခုလ တတိယပတ်တွင် ဖွဲ့စည်းထားပြီဖြစ်ပြီး ယင်းကိစ္စများကို တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟုလည်း အစိုးရက စက်တင်ဘာလ ၂၇ ရက်က နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
နှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ အင်ကြင်းခန်းမတွင် မီဒီယာများကို ရှင်းလင်းပြောဆိုထားပြီး ဖြစ်သည်။
ဖြေရှင်းပေးမည့် မြေယာပြဿနာများမှာ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ ပြည်သူများ တိုင်ကြားထားသည့် တိုင်စာပေါင်း ရ၄၅ မှုကို ဖြေရှင်းပေးမည်ဟု အစိုးရပြောဆိုထားခြင်းဖြစ်သည်။
“ဒီနေ့အထိ ရရှိလာတဲ့ ရ၄၅ မှုကို တစ်နှစ်အတွင်း ပြီးပြတ်အောင် ရည်မှန်းပြီးတော့ ဆောင်ရွက်နေတာ၊ အတတ်နိုင် ဆုံးတော့ ပြီးနိုင်ဖို့ ဆောင်ရွက်မယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက စက်တင်ဘာ ၂၇ ရက်က ရှင်းလင်းပွဲတွင် ပြောသည်။
ထို ရ၄၅ မှုကို တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ပြောဆိုထားသည့်အတွက် တစ်နှစ်တွင် ရက်ပေါင်း ၃၆၅ ရက်ရှိရာ နားရက်မရှိ တစ်ရက်လျှင် ၂ မှုနှုန်း ဖြေရှင်းပေးပါက အမှုပေါင်း ရ၃၀ သာ ပြီးပြတ်မည် ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၂၉ ရက်က သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။