လွှတ်ပေးရန် ကျန်ရှိနေသော လက်ကျန်နိုင်ငံရေးအကျဉ်းသားများနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်ရာတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် ဆရာတော် ဦးရက္ခဝံသက မန္တလေးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထပ်မံ လမ်းလျှောက်သွား မည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ၀န်းရံ လိုက်ပါမည့် ရခိုင်လူငယ်အဖွဲ့ဝင်မှ ကိုကျော်လင်းနိုင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။
ဆရာတော်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရန်ကုန်မှ မန္တလေးသို့ လမ်းလျှောက်ခဲ့ပြီး နေပြည်တော်တွင် ၀င်ခွင့်မရ၍ ပြန်လာခဲ့ရသည်။ ယခု တစ်ကြိမ် တွင် မူ မန္တလေးမှ ရခိုင်သို့ လမ်းလျှောက်မည် ဖြစ်သည်။
ကိုကျော်လင်းနိုင်က “မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့ကနေစပြီး ထွက်မှာပါ ။ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ တစ်လခန့်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘုန်းကြီးတစ်ပါးထဲ လမ်းလျှောက်မှာပါ။ နောက်ကလိုက်ပြီး ၀န်းရံပေးကြတဲ့ လူငယ်တွေတော့ ပါမှာပါ”ဟု ပြောသည်။
အဆိုပါ လမ်းလျှောက်မှုကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ မန္တလေးသို့ ကားဖြင့် ထွက်ခွာမည်ဖြစ်ပြီး နောက်နေ့တွင် မန္တလေးမှ စစ်တွေသို့ လမ်းလျှောက်မည် ဖြစ် ကြောင်း ဦးရက္ခဝံသကို လိုက်ပါ၀န်းရံသူများက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အမြန်ဆုံးလွှတ်ပေးစေရန်နှင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆန္ဒဖော်ထုတ်မှုများ၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြု လုပ်သူများကို ပုဒ်မ ၁၈ ဖြင့် ပြန်လည် တရားစွဲဆိုမှုများကို ပြုလုပ်လျက်ရှိရာ ပုဒ်မ ၁၈ ကို ပြင်ဆင်ရန် အတွက် လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ချုပ်မှ ကိုညိုထွန်းကလည်း သူ၏ အမြင်ကို ပြောသည်။
၄င်းက “နိုင်ငံရေးအကျဉ်းသားတချို့က ဆေးမှု၊ လူသတ်မှုတွေနဲ့ နွယ်နေတာတွေရှိတဲ့အတွက် ကျန်နေ ကြတာလို့ လည်း သိရတယ် ။ နိုင်ငံတော်သမ္မတကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ဒီဇင်ဘာလမှာ အကုန်လွှတ်ပေးဖို့ ပြောထားတာလည်း စောင့်ကြည့်ရဦးမယ်။ အဲလို ထောင်ကျနေတဲ့ လူတွေကို လွှတ်ပေးဖို့ တောင်းဆိုသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲ ထောင်ချနေတာဆိုတော့ ပုဒ်မ ၁၈ ကို ပြင်ဖို့ လိုကို လိုတယ်”ဟု မဇ္စျိမကို ပြောသည်။
လက်ရှိအချိန်တွင် နိင်ငံရေးအကျဉ်းသားဟောင်း တစ်ရာကျော်ရှိနေပြီး၊ ပုဒ်မ ၁၈ ဖြင့် ထောင်ကျနေသူများမှာ ၂၀ ကျော်ခန့်ရှိနေရာ ၄င်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် ဦးရက္ခဝံသ လမ်းလျှောက်ခြင်း ဖြစ်သည်။
နိုင်/ကျဉ်း စိစစ်ရေးကော်မတီ၏ စက်တင်ဘာ ၁၇ ရက်အထိ ကောက်ယူရရှိထားသည့် စာရင်းများအရ မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိပြီး နိုင်/ကျဉ်းများ ထပ်မံ
လွတ်မြောက်လာစေရန် အစိုးရသို့ စာရင်းတင်ပြရန် စက်တင်ဘာလကုန်ပိုင်းတွင် သတ္တမအကြိမ် ထပ်မံတွေ့ ဆုံ ဦးမည် ဖြစ်သည်