မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ကြီးမားသည့် စိန်ခေါ်မှု ၁၀ ချက်နှင့် ရင်ဆိုင်နေရဟု လေ့လာသုံးသပ်သူများ ဆို

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ကြီးမားသည့် စိန်ခေါ်မှု ၁၀ ချက်နှင့် ရင်ဆိုင်နေရဟု လေ့လာသုံးသပ်သူများ ဆို
by -
မဇ္စျိမ

လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများ ရှိနေသကဲ့သို့ အခြားတစ်ဖက် တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများ က သုံးသပ်ပြောဆိုလိုက်သည်။

လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီများ မှတ်ပုံတင်နိုင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်အခတ်ရပ်စဲလာမှုနှင့် နိုင်ငံရေးအကျဉ်းသားအမြောက်အများ လွှတ်ပေးမှုတို့မှာ နိုင်ငံရေးအကူး အပြောင်း၏ အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု စောင့်ရှောက် ရေးအဖွဲ့(IPSJ)ကို တည်ထောင်ထားသည့် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ သည့် “မြန်မာ့နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ”ဟု အမည်ပေးထားသော စကားဝိုင်းဆွေးနွေးပွဲတွင် ဖြစ်သည်။

ဒေါက်တာသောင်းထွန်းက ပြောကြားရာ မြန်မာနိုင်ငံ ကြံုတွေ့နေရသည့် ကြီးမားသည့် စိန်ခေါ်မှုများတွင် နိုင်ငံရေး၌ တပ်မတော်က များပြားစွာ ပါ၀င်နေမှု၊ လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်တွင်းငြိမ်း ချမ်းရေး၊ ဘာသာရေး ပဋိပက္ခနှင့် မြေယာကိစ္စများအပါအဝင် ၁၀ ချက်ရှိနေသည်ဟု ဆိုသည်။

၎င်းက “အရွေ့တစ်ခုကိုတော့ သွားနေတာပေါ့နော်။ ဒီအရွေ့က ဘယ်ကိုသွားမလဲ။ ဘယ်မှာစခန်းသတ် မလဲဆိုတာ ကတော့ ဒီအရွေ့မှာ ပါ၀င်ပတ်သက်နေတဲ့ ဇာတ်ကောင်များရဲ့  ကြိုးစားအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်တွန်းကန်မှုတွေ၊ဖိအားပေးမှုတွေ ဒီအခြေအနေတွေပေါ်မှာ မူတည်မှာပေါ့”ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါ၀င်နေမှုမှာ အရေးကြီးဆုံး စိန်ခေါ်မှု တစ်ချက် ဖြစ်နေသည်ဟုလည်း ဒေါက်တာသောင်းထွန်းက မှတ်ချက်ပြုသည်။

၎င်းက “(တပ်မတော်က)နိုင်ငံရဲ့ သယံဇာတထုတ်ဖော်မှုတွေမှာရော စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာလည်း တော်တော့ကို ကြီးကြီးမားမား အခန်းကဏ္ဍကနေ ပါနေတယ်။ ဒီအနေအထားကနေ တကယ့် Professional Army ကို ကူးပြောင်းမလဲဆိုတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင် တရားစီရင်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု အနည်းဆုံး မဏ္ဍိုင်တစ်ခု ဖြစ်သည်ဟုလည်း ၎င်း၏လေ့လာချက်အရ သိရသည်ဟုလည်း ဒေါက်တာသောင်းထွန်းက ဆိုသည်။

ဒေါက်တာသောင်းထွန်းသည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဧရာဝတီတိုင်း၊ ကျောင်းကုန်းတွင် သပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် ပါ၀င်ပြီးနောက် ၁၉၈၈ နိုင်ဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာပြီး ABSDF ၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုအခါ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အထောက်အကူပြုနိုင်ရန် (IPSJ) အဖွဲ့ကို တည်ထောင်ကာ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းလုပ်ငန်းများကို ကူညီပေးနေသူဖြစ်သည်။

Most read this week