ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား
by -
မဇ္စျိမ

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ်ဆီဖြင့် ပက်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ်သူ ဒေါ်စိန်အိက မဇ္စျိမကို ပြောသည်။

“ကလေးကို စျေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ခံရတာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာ မီးလောင်ခံ ထားရ ပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီရိအောင်မြေ (၇)လမ်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။ ဓာတ်ဆီ ပက်၍ မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အောင် ဆိုသည့် ကလေးငယ် ဖြစ်ပြီး မီးလောင်မှုကြောင့် အသက်အန္တရာယ် မရှိသော်လည်း နောက်ကျောပိုင်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယင်းတို့အား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စွာက မဇ္စျိမသို့ ပြောပြခဲ့သည်။

“အသက် ၁၉ လောက်ရှိတဲ့ကလေးက လုပ်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ်ပါ ခံသင့် ခံထိုက်တဲ့ ပြစ်ဒဏ်ကိုတော့ ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့က စျေးဝယ်ထွက်လာသော မောင်ဟိန်းထက်အောင် ဆိုသူအား တစ်ရပ်ကွက်အတွင်းနေ လူငယ်တစ်ဦး က ဓာတ်ဆီ ဆိုင်မှ ဆီဝယ်ပြီး ပတ်ဖျန်းကာ မီးခြစ်ဖြင့် မီးရှိုု့လိုက်ခြင်းဖြစ်သည်ဟု ကလေး ငယ်၏ မိဘများက ဆိုသည်။

ထို့ကြောင့် အဆိုပါ အဖြစ်အပျက်အား ရပ်ကွက်အုပ်ချုပ်မှူးရုံးသို့ သွားရောက်တိုင်တန်းရာတွင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည့်သော်လည်း ယင်းနေ့တွင် အမှုဖွင့် ပေးခြင်းမရှိသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်တွင် ထပ်မံသွားရောက်တိုင်တန်း မှ အမှုဖွင့်ပေးခဲ့ကြောင်း လိုက်ပါကူညီသူ ကိုကျော်စွာက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပါက်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် အောင်စေညွန့်က “လောလော ဆယ်တော့ မီးရှို့သွားတဲ့သူကို လိုက်ရှာနေပါတယ်။ ဒီကိစ္စက ကလေးချင်း စရင်းနောက်ရင်း နဲ့ ဖြစ်သွားတာပါ၊ တိုင်တန်းခံရသူက ပထမ ကလေး တစ်ယောက်ကိုလည်း အဲလိုပဲ စပါတယ်။ ဒါပေမဲ့ မီးကို အချိန်မီငြိှမ်းနိုင်တယ်၊ အခုကလေးကျမှ လက်လွန်သွားတာပါ” ဟု မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင် တန်းခံထားရသူမှာ အသက် (၁၄)၀န်းကျင်ရှိ ကလေးတစ်ဦးဖြစ် ကြောင်းနှင့် ယင်းအား အရေးယူရန် ရဲစခန်းက (ပ)၂၂၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၂၄ဖြင့် စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်ဟု ဟင်္သာတ အမှတ် (၁)ရဲစခန်းမှ ဒု-ရဲအုပ် မျိုးမင်းကလည်း မဇ္စျိမသို့ အတည် ပြုပြောကြားခဲ့သည်။