ပြည်တွင်းပြည်ပမှ သျှမ်းအမျိုးသမီးများ လက်တွဲဆောင်ရွက် ရေးအတွက် သျှမ်းပြည်မြို့တော်တောင်ကြီး တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
တောင်ကြီးတွင် သျှမ်းအမျိုးသမီးများ ဆွေးနွေးကြစဉ်“ချယ်ရီပန်းချစ်သူအဖွဲ့ရယ်၊ သျှမ်းပြည်နယ်အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရယ် ကျားဖြူပါတီက လူကြီးတချို့ရယ်၊ ကျားခေါင်းပါတီက လူကြီး တချို့ရယ်၊
သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက် ရေးအသင်း SWAN အဖွဲ့ကို တောင်ကြီး ကျားဖြူရုံးမှာတွေ့ဆုံပါတယ်။ ပဏာမတွေ့ဆုံ မိတ်ဆက်ခြင်းသက်သက် ပါဘဲ။” ဟု တောင်ကြီးမြို့ သျှမ်းလူငယ်အဖွဲ့မှ နုတ်အွန် က သျှမ်းသံတော်ဆင့်အားပြောပြသည်။
တွေ့ဆုံမှုအား စက်တင်ဘာ ၂၇ ရက် က တောင်ကြီးမြို့ ကျားဖြူပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ချယ်ရီပန်းချစ်သူအဖွဲ့မှ ဒေါက်တာနှင်းရီအေးက တောင်ကြီး မြို့တွင်ချယ်ရီပန်းများ မရှိသလောက် ရှားပါးသွားပြီဖြစ်ဖြင့် မြို့အရှေ့ဘက်ခြမ်းတွင် ချယ်ရီပန်းပင်များ ပြန်လည်စိုက်ပျိုးနေ သည့်လှုပ်ရှားမှုများ ဆွေးနွေးတင်ပြပြီး၊ သျှမ်းပြည်နယ်အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ စဝ်ဟေမာသိုက် က မိမိတို့ အဖွဲ့အတွင်း လက်မှုပညာများ သင်ကြားပေးခြင်း၊ သျှမ်းစာပေသင်ကြားခြင်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း တို့ကို တင်ပြသွား ကြောင်းတွေ့ဆုံပွဲတွင်ပါဝင် သည့်လူငယ် နန်းခမ်းကလည်း ပြောပါသည်။
“တွေ့ဆုံပွဲက မနက် ၁၀ နာရီကျော်မှာ စ တယ်။ လူ ၂၀ ၀န်းကျင် တက်ရောက်တယ်။ ကျားဖြူပါတီက စဝ်ယွန်းပိုင်နဲ့ ဦးကျော်ဇောသန်းတို့တက်တယ်။ ဆရာတွေကတော့ ကျမတို့ ပြည်တွင်းပြည်ပ ပူးပေါင်း လက်တွဲကြမယ့် အရေးအားပေးတယ်။ SWAN ဘက်ကလဲ သူတို့ရဲ့လှုပ်ရှားမှုတွေအကြောင်း ပြောပြသွား တယ်။ အဓိက ဆွေးနွေးဖြစ်ခဲ့တာကတော့ ကျမတို့ ရှေ့ဆက် လက်တွဲအလုပ်လုပ်သွားဖို့နဲ့ အမျိုးသမီးတွေကို စိတ်ဓါတ်ခိုင်မာ အောင် ကိုယ့်ခြေပေါ်ကိုယ်ရပ် တည်သွားနိုင်အောင် ဗဟုသုတတွေ ပေးဖို့ အားပေးဖို့ စတာ တွေပါ။” ဟု လူငယ်များအရေး တက်ကြွလှုပ်ရှားသည့် နုတ်အွန် က ပြောသည်။
ယခုတွေ့ဆုံပွဲမှ နောက်နောင်တွေ့ဆုံပွဲတွင် သျှမ်းပြည်အခြေစိုက်အမျိုးသမီးအဖွဲ့များ ပိုမိုပါဝင်လာ နိုင်စေ ရန်လည်း ကြိုးပမ်းသွားမည်ဟုပြောသည်။