မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေ

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေ
by -
မဇ္စျိမ

ရန်ကုန်တွင် မွန်လူမျိုး သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်နေရာ လူမျိုးအမည် မှားယွင်းမှုများ တွေ့ရသည်မှာ စာရင်းကောက်သည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟု မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီအဖွဲ့ဝင် မိခင်လေးမြင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၅၀ ရာခိုင် နှုန်းခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း လက်တွေ့ကောက်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့် လွဲမှားနေခြင်းဖြစ်သည်ဟု ၎င်းက ပြောခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူ ရေးစီမံချက်ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်လူမျိုး လွှတ်တော်အမတ်ပေါ်ထွက် လာစေရန် ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၀.၀၁ ရာခိုင်နှုန်းထက် ကျော်လွန်ကြောင်း တင်ပြနိုင်ရန်အတွက်လည်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းဖြစ်သည် ။

မိခင်လေးမြင့်က “သန်းခေါင်စာရင်း မှားနေတဲ့ မွန်တွေက မွန်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းပဲ သန်းခေါင်စာရင်းမှာ လူမျိုး အမည်မှားနေမယ်ပေါ့။ အခုတကယ်တမ်းကောက် ကြည့်တော့မှ ၈၀ရာခိုင်နှုန်းလောက်က မှားနေမှန်းသိရတယ်” ဟု ပြောသည်။

မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေး စီမံချက်အား ဇူလိုင်လ ပထမပတ်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ခန့်မှန်းအားဖြင့် မွန်လူဦးရေ တစ်သိန်းခွဲခန့် ရှိမည်ဟုလည်း ၎င်းက ဆိုသည်။

ယခင်က မွန်လူမျိုးများသည် သန်းခေါင်စာရင်းတွင် ဗမာလူမျိုးဟု မှားယွင်းဖော်ပြခြင်းခံရသည်ဟု စစ်တမ်းများ အရ တွေ့ရှိ ရသော်လည်း သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မွန်လူမျိုးများအား ကရင်လူမျိုးဟု မှားယွင်း
ဖော်ပြထားသည်များလည်း တွေ့ရှိ နေရသည်ဟု မွန်လူမျိုးလူဦးရေစာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းသောင်းသျှင်က ပြောသည်။

လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု မွန်လူမျိုး လူဦးရေ စာရင်းကောက် ယူရေး စီမံချက်၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နိုင်ခင်မောင်မောင်က ဇူလိုင်လအတွင်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ မွန်လူဦးရေ စာရင်းကောက်ယူရာတွင် ပါ၀င်မည့် ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကို သြဂုတ်လ အတွင်းက လူဦးရေစာရင်းကောက်ယူရာတွင် ကျွမ်းကျင်သည့် ဆရာမ တစ်ဦးခေါ်ယူကာ နှစ်ရက်သင်တန်းပေးခဲ့သေး သည်ဟု လည်း စီမံချက်စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်များတွင် စေတနာ့ဝန်ထမ်း များ ထားရှိကာ ခန့်အပ်ထားသည့် ၀န်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားခြင်း ဖြစ်သည်။