မြန်မာအစိုးရ၏ အုပ်ချုပ်ရေးနှင့် တပ်ဖက်ဆိုင်ရာ အကြီးအကဲများကို တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ် (၉)ဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန်သို့ ယနေ့နံနက် ခရီးထွက်ခွါသွားခဲ့သည်။
ယခုခရီးသည် ရှေ့ဆက်မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအတွက် အဓိကဖြစ်သော အပစ်အခတ်ရပ်စဲရေး ကိစ္စများနှင့် ပတ် သက်၍ အလွတ်သဘောအနေဖြင့် သွားရောက်ဆွေးနွေးရန်ရှိသည်ဟု ကေအဲန်ယူအထွေ ထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက ကေအိုင်စီသို့ ပြောသည်။
“အခု ခရီးစဉ်အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ မြန်မာတပ်မတော်ရဲ့ ရာထူးအမြင့် ဆုံး ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ရှိတယ်။ သဘောတူညီချက် တစ်ခုခုရရှိဖို့အတွက် မဟုတ်ပါဘူး။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ရှေ့တက် လှမ်းနိုင်နဲ့ အမြင်သဘောထားတွေကို အပြန်အလှန်ဆွေး နွေးသွားဖို့ပဲ ရှိပါတယ်။”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။
အဆိုပါ ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၇ မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွား ရောက်ရန်ရှိပြီး မြန်မာ့တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင်နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ (MPC) တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးသွားမည်ဟုသိရသည်။
ခရီးစဉ်တွင် ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ KNU/KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်စောအိုင်းဇက်၊ ပဒိုစောတာဒိုမှူး၊ ပဒိုစောရွှေမောင်း အပါအဝင် အဖွဲ့ဝင် (၉)ဦး လိုက်ပါသွားခြင်းဖြစ်သည်။
၎င်းအပြင် တွေ့ဆုံဆွေးနွေးမှု ရလဒ်များကိုလည်း ကေအဲန်ယူအတွင်း ပြန်လည်ဆွေးနွေး အဖြေရှာမည်ဖြစ်ပြီး ပြည်သူလူထုနှင့် အခြားသောတိုင်းရင်းသား အဖွဲ့အစည်းများကိုလည်း ပြန်လည်ချပြ ဆွေးနွေးသွားမည်ဖြစ် ကြောင်းလည်း ကေအဲန်ယူဘက်က ပြောဆိုသည်။