ကျောက်ဖြူ ဆန္ဒပြပွဲ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံး

ကျောက်ဖြူ ဆန္ဒပြပွဲ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံး
by -
နိရဥ္စရာ

ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဒေသခံများ ပြုလုပ်နေသော ဆန္ဒပြပွဲမှာ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

မဒေးကျွန်းရွာမ ဆရာတော်ကြီး ဆန္ဒပြသူများ စုဝေးနေရာသို့ လိုက်ပါလာပြီး ဒေသခံ ရွာသားများကို ဖျောင်းဖျ ခေါ်ယူသွားသည်ဟု ကျောက်ဖြူ လူမူ ကွန်ယက်မှ ကိုလှမြင့်ကျော်က ပြောသည်။

ကျောက်ဖြူ ခရိုင် ဥက္ကဌ အပါအဝင် အာဏာပိုင်များမှ ရွာသားများကို ဖျောင်းဖျပေးရန် ဆရာတော်ကြီးကို လျှောက်ထားပြီးနောက် ဆရာတော်ကြီးမှ ရွာသားများကို လာရောက် ခေါ်ယူသွားသည်ဟု သိရသည်။

ဆန္ဒပြသူများအား အာဏာပိုင်များက တရားဥပဒေကြောင်းအရ ဖြေရှင်းရန်နှင့် လာမည့် တနင်္လာနေ့တွင် အယူခံတင်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု သိရသည်။

“ အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် အယူခံ တင်ပါမယ်။ အာဏာပိုင်တွေရဲ့ သဘောထားကို ကြည့်ရပါအုံးမယ်” ဟု ကိုလှမြင့်ကျော်က ပြောသည်။

ယနေ့ ဆန္ဒပြပွဲသို့ လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး ဦးထွန်းကြည်အပါ၀င် ၁၀ ဦးကို လွှတ်ပေး၊ ပုဒ်မ ၁၈ အလိုမရှိ၊ အမှန်တရား အောင်ရမည် ဆိုသော ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒုပြနေကြခဲ့ကြ သည်။

၎င်းဆန္ဒပြပွဲသည် မဒေးကျွန်းမှ ကိုထွန်းကြည် အပါအဝင် ရွာသား (၁၀) ဦးကို ပုဒ်မ ၁၈ ဖြင့်  ထောင် သုံးလချမှတ်ပြီးနောက် ကျောက်ဖြူမြို့နယ် တရားရုံးရှေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်ကပင် စတင်ခဲ့သည်ဟု သိရသည်။

Most read this week