ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်
by -
ရွှေဟင်္သာ

၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ တနေရာတည်း စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင် ၌ယနေ့ အစည်းအဝေး ကျင်းပ သွားခဲ့ သည်ဟု ပြောခွင့်ရသူ အစိုးရ နယ်ခြား စောင့်တပ်မှ ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။

“ မြို့နယ် ငါးခုကို တနေရာထဲ စုပေါင်း ကျင်းပဖို့ ဆွေးနွေးနေကြတာ ဖြစ်တယ်။ အပြီးသတ် အစီအစဉ် ကိုတော့ လာမည့် အောက်တိုဘာ (၁၅)ရက်နေ့မှာထပ်မံ ဆွေးနွေးကြမှာ ဖြစ်တယ်။ လူပေါင်း သုံးရာလောက် တက်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။

ကော့ကရိတ်၊ ဖါးအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်မှ ကျေးရွာ အုပ်စု (၁၇၀) မှ ကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြပါသည်။ ထို့အပြင် ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရ နယ်ခြား စောင့်တပ် အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖလုံစဝေါပါတီ၊ ဇွဲကပေါင်ပါတီနှင့် ကရင် အမျိုးသား စာပေ ယဉ်ကျေးမှု အနုပညာ ဂီတ အစည်းအရုံးမှ ကိုယ်စားလှယ်များပါ မကျန် တက်ရောက် ခဲ့သည်ဟု ဆိုပါသည်။

စစ်ရေး အခမ်းအနားကို ပူးပေါင်း ဆောင်ရွက်ရန် စီစဉ် ထားပြီး၊ အထူးသဖြင့် KNU နှင့် BGF တပ်များ ပါ၀င်မည် ဖြစ်ရာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီနှင့် BGF မှ ဗိုလ်မှူးချုပ် ချစ်သူတို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

နှစ်သစ်ကူး ပွဲတော်အား ပူးပေါင်း ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်သည် ကရင် တမျိုးသားလုံး ညီညွတ်ခြင်း ကို ပြသရာ ရောက်စေပြီး ကွဲပြားနေသော ကရင် လက်နက်ကိုင်များ၊ ပြန်လည် ပေါင်းစည်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် အားမာန်သစ်များ ဖြစ်လာရန် သင်္ကေတ သဘောကို ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။

ကရင် လက်ကိုင်အဖွဲ့ စုစုပေါင်း (၈) ဖွဲ့ ခန့် ရှိနေပြီး ထိုအထဲတွင် KNU နှင့် BGF သည် အင်အား အများဆုံးဟု ယူဆရပါသည်။ နိုင်ငံရေး ပါတီတွင်မူ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင် ထားသော ကရင်နိုင်ငံ ရေး ပါတီ (၄) ပါတီ ရှိပြီး  တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေခံထားပါ သည်။

ကရင် လူမျိုးများသည် မြန်မာနိုင်ငံ၏ တတိယ အများဆုံး လူဦးရေ ရှိသည့် လူမျိုးဖြစ်ပါသည်။ စစ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း၊ အမျိုးမျိုး ကန့်သတ် ခံနေရခြင်းကြောင့် ရွေးကောက်ပွဲ တိုင်းတွင် နစ်နာခဲ့ရသည်ဟု ဆိုကြပါသည်။ ကရင်လူမျိုးများ မှတ်ပုံတင် မရှိခြင်း၊ နိုင်ငံရေးအရရွေး ကောက်ပွဲနယ် ကန့်သတ်ခံရခြင်း၊ စစ်ရေးအရ ကန့်သတ် ခံရခြင်းများ ခံခဲ့ရသည်ဟု ဆိုပါသည်။

ဤစနစ်ဆိုးမှ လွတ်မြောက်နိုင်ရန် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်သည့် အနေဖြင့် လာမည့် ပြာသိုလဆန်း တရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ကို စုပေါင်း ကျင်းပခြင်း အားဖြင့် ညီညွတ်မှုကို ပြသကြတော့မည် ဖြစ်ပါသည်။

Most read this week