တပြည်လုံး အပစ်ခတ်ရပ်စဲရေးကို အစိုးရကိုယ်တိုင် လိုက်နာဆောင်ရွက်ပေးစေလို KIO ပြော

တပြည်လုံး အပစ်ခတ်ရပ်စဲရေးကို အစိုးရကိုယ်တိုင် လိုက်နာဆောင်ရွက်ပေးစေလို KIO ပြော
by -
ကေအဲန်ဂျီ

KIO တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (လယ်)နဲ့ အစိုးရငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး ဦးအောင်မင်း လက်ရှိ အစိုးရနှင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားနေသော ပဋိပက္ခပြဿနာများသည် အစိုးရပြောဆိုနေသော ‘တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး’ ကို မိမိအစိုးရကိုယ်တိုင်ကြေငြာပြီး လက်တွေ့ဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားနိုင်မည့် ကိစ္စရပ်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောသည်။

“ကျွန်တော်တို့တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်းပြဌာန်းခွင့်တို့ ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ပေးဖို့ နောက်ပြီးတော့ တပြည်လုံး အတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေးကို အစိုးရကနေပြီး ကြေငြာပေးဖို့၊ အဲဒါဆိုရင်တော့ ကျွန်တော်တို့တကယ်လိုချင်တဲ့ တိုင်းပြည် အေးချမ်းရေး ဖြစ်ပေါ်လာမယ်လို့ယူဆပါတယ်။ ဒီတပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ ကျွန်တော်တို့ကတော့ အစိုးရကလုပ်ရမဲ့ ကိစ္စဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရအရင် ကြေငြာပေးပါ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ် လိုက်တယ်ဆိုတဲ့အကြောင်းပေါ့ ဒါက အစိုးရက အလုပ်ဖြစ်တယ်။ ကြေလည်းကြေငြာမယ် နောက် ပစ်လည်းမပစ်ဘူးဆိုရင်တော့ ရပ်သွားမှာပဲ”

kio-technical-team-open-in-myitkyina-july

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ချိန်တိုင်း အဆိုပါ စစ်ရေးအရှိန်လျှော့ချရန်ကိစ္စကို သဘောတူညီခဲ့ကြသော်လည်း ယခုချိန်ထိ တိုက်ပွဲများ ငြိမ်းသွားခြင်းမရှိပဲ တင်းမာမှုများရှိနေဆဲဖြစ်သည်။

အစိုးရတပ်များသည် နယ်မြေကျူးကျော် လှုပ်ရှားမှုများရှိသကဲ့သို့ KIA ဖက်မှလည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေသည်။ ၄င်းပြဿနာများသည် ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် တဖက်နှင့်တဖက်ကြား ယုံကြည်မှုကို အဟန့်အတားဖြစ်စေသကဲ့သို့ သဘောတူညီမှုများကိုလိုက်နာမှုမရှိခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးမှုတွင် ထိခိုက်စေနိုင်သည့် အချက်လည်းဖြစ်သည်ဟု KIO တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က KNG ကချင်သတင်းဌာသို့ ပြောသည်။

“အစိုးရနဲ့ KIO က ဆွေးနွေးတဲ့နေရာမှာ ယုံကြည်မှုအပြည့်အဝရှိတယ်ဆိုတာ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့အချင်းချင်း ဆွေးနွေးတဲ့နေရာမှာ အခုလည်းပဲ ဟိုး တချို့နေရာတွေမှာ တပ်ကိုပစ်တာ တိုက်ခိုက်တာတွေဘာတွေရှိနေသေးတယ်။ မဟုတ်ရင်တော့ အခုဒီတိုင်းပဲဖြစ်နေမယ်ဆိုရင် တော့ လွယ်လွယ်နဲ့ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ဒီလိုပဲမြင်ပါတယ်”

လတ်တလော အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား စစ်ရေးတင်းမာမှုများသည် ပူတာအိုခရိုင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဖက်မှလည်း အင်အားတိုးချဲ့မှု လှုပ်ရှားမှုများ ရှိနေသောကြောင့် စစ်ရေးပိုမိုပြင်းထန်လာနိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

သို့သော် KIO နှင့် အစိုးရ ကြားပဋိပက္ခများသည် လွယ်လင့်တကူဖြေရှင်းနိုင်သော ကိစ္စမဟုတ်သောကြောင့် တွေ့ဆုံဆွေးနွေးမှုရှိနေပြီးနောက် ပြဿနာဖြေရှင်းရန် ကြံ့ကြာနိုင်သော်လည်း စစ်ရေးဖက်တွင် ယခုအခြေအနေထက် ပို၍တင်းမာလာနိုင်ဖွယ်မရှိကြောင်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး Myanmar Peace Center အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောသည်။

“ဒီလောက်များတဲ့အဖွဲ့တွေနဲ့ တပြိုင်နက်ထဲမှာ အပစ်ရပ်မယ် ယုံကြည်မှုတည်ဆောက်မယ် ပြီးရင် Political လုပ်ဖို့ပြောရတာကတော့ အလွယ်တကူဖြစ်ဖို့ ဆိုတာကတော့ ခက်မယ်ထင်ပါတယ်။ ဒါပေမယ့် ဒီပြင်နည်းမရှိဘူး ဒီနည်းပဲရှိတယ်လို့လည်းထင်တယ်။ ပဋိပက္ခတွေကတော့ရှိနေမယ် ဒါပေမယ့် ဒါကိုထပ် လျှော့ချပြီး တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်နိုင်မှသာလျင် စာပွဲဝိုင်းမှာ ဒီကိစ္စတွေကို ဆွေးနွေးနိုင်မယ့် အနေထားမျိုးပါပဲ။ တွေ့ဆုံဆွေးနွေး မှုတွေ များများလုပ်နိုင်ရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ဗျာ ယုံကြည်မှုလည်းဖြစ်နိုင်တယ် နားလည်မှုလည်းဖြစ်နိုင်တယ် ဆွေးနွေးဖို့အချိန်များများရလေလေ အပြန်အလှန် ညှိနှိုင်းမှုရလေလေ ရှိပါတယ် ကျွန်တော်တို့က ပဋိပက္ခတွေဖြစ်ပွားတဲ့နောက်ပိုင်း တွေ့နိုင်မယ့် အချိန်ဟာနည်းပါသေးတယ်”

ပြီးခဲ့သည့် အပတ်အတွင်း နှစ်ဖက် နည်းပညာအဖွဲ့ Technical Team များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ချိန် တွင်လည်း အစိုးရ စစ်ရေးအရာရှိများနှင့် KIO ကြားအပြန်အလှန်ဆွေးနွေးမှုများရှိ နေသောကြောင့် အခြေအနေတိုးတက်ကောင်းမွန်သည်ဟု သုံးသပ်ကြောင်း ဦးလှမောင်ရွှေက KNG ကချင်သတင်းဌာန သို့ ပြောသည်။

“ကျွန်တော် အဲဒီစာပွဲဝိုင်းမှာ သတိထားမိတာကတော့ တက်လာတဲ့တပ်မတော်အရာရှိကြီးတွေနဲ့  ဒီ ကေအိုင် အိုက Technical Team Level ထက်မြင့်တဲ့ ကေအိုင်အိုတပ်မတော်က လူကြီးတွေလည်း အဆက်သွယ်ရှိ နေတယ်လို့ ပြောနေ တယ်ဗျ။ အဲတော့ ဆိုလိုတာကတော့ ဒီမှာလည်းအမြဲတမ်း အဆက်အသွယ်ရှိတယ်။ တခါတခါတော့ အခက်ခဲကတော့ဗျာ ပြဿနာတော့လည်းရှိချင်ရှိမှာပေါ့။ ပြဿနာတွေကသိပ်မကြာခင် လျှော့ကျသွားမယ်လို့ ကျွန်တော့်အနေနဲ့မျှော်လင့်တယ်”

ပဋိပက္ခများမှ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တခုတည်းသောနည်းလမ်းဖြစ်သည့် နိုင်ငံရေးအရ စားပွဲဝိုင်း ပေါ်တွင်တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဆက်လက်အဖြေရှာသင့်ကြောင်း ၄င်းကမြင်သည်။

သို့သော် KIO အပါအဝင် တိုင်းရင်းသားလက်နက်အဖွဲ့များက အစိုးရကို ရှေးဦးစွာ တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲပေးစေလိုကြောင်းနှင့် ထို့နောက်မှ နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ သွားရန်ဖြစ်ကြောင်း တောင်းဆိုနေကြသည်။

ဆက်လက်၍လည်း အစိုးရနှင့် KIO ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက် နည်းပညာအဖွဲ့များက ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး လာမည့်အောက်တိုဘာလဆန်းတွင် တွေ့ဆုံနိုင်မည် ဟု မျှော်လင့်ကြောင်း မြစ်ကြီးနား Technical Advisory Team ရုံးမှသိရသည်။

Most read this week