တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းရေးဆွဲထားသည့် အခြေခံဥပဒေသစ်သည် လက်ရှိ အသုံးပြုနေသော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြောင်းပြန်ကွာခြားမည်ဟု ရေးဆွဲရာတွင် ပါဝင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဥက္ကဋ္ဌ ဦးအေးသာအောင်က စက်တင်ဘာ ၂၄ ရက်တွင် မဇ္စျိမကို ပြောကြားခဲ့သည်။
အဆိုပါ အခြေခံဥပဒေသစ်ကို ယခင်က အောက်တိုဘာလတွင် အပြီးသတ်ရေးဆွဲမည်ဟု ပြောကြားထား သော်လည်း ယခုအချိန်တွင်မူ နိုဝင်ဘာလတွင်မှ ရေးဆြွဲပီး နိုင်တော့မည်ဟုလည်း ဦးအေးသာအောင်က ပြောကြားကာ ယင်းဥပဒေသစ်ကို လွှတ်တော်တွင် တင်သွင်းမည်မဟုတ်ဘဲ ပြင်ပတွင် ကျင်းပနိုင်ဖွယ်ရှိသည့် အမျိုးသား ညီလာခံတွင်သာ ထုတ်ပြဆွေးနွေးမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)နှင့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)အပါအဝင် ကျန်တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းပြီး အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ပြီးခဲ့သည့် ဩဂုတ်လက ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပြီး ထိုကိစ္စ အတွက် ကော်မတီလည်း ဖွဲ့စည်းခဲ့သည်။
ဦး အေးသာအောင်က “၂၀ဝ၈ ဖွဲ့ စည်းပုံမှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ကဏ္ဍက ပါဝင်ရမည်ဆိုတဲ့ အချက်ကို ပြင်ဆင်ရေးသားထားတယ်။ မကိုက်ညီတဲ့ လမ်းညွှန်မှုတွေ အောက်မှာ ရေးတာ မဟုတ်ဘူး။ ဒီမိုကရေစီလမ်းညွှန်မှုတွေ အောက်မှာရေးဆွဲထားတာဆိုတော့ ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့တော့ ဆီနဲ့ရေလို ကွာတယ်။ ပြောင်းပြန် ကွာခြားနေပါလိမ့်မယ်” ဟု ဆိုသည်။
အခန်းရှစ်ခန်း၊ ပုဒ်မပေါင်း ၄၀ဝ ကျော်ရှိသည့် ၂၀ဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲ ရေး တို့နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကလည်း ဆောင်ရွက်နေကြပြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ၂၀ဝ၈ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အစီရင်ခံစာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကာ နိုင်ဝင်ဘာလတွင်ထုတ်ပြန်မည်ဖြစ်သည်။
နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲသွားမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြင်ပ အမျိုးသား ညီလာခံတွင် သာ ဆက်လက် ဆွေးနွေးရန်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဦးအေးသာအောင်က “အမျိုးသား ညီလာခံမှာပဲ ဖြည့်စွက်ပြင်ဆင်စရာတွေလုပ်ဆောင်သွားမယ်။ လွှတ်တော်မှာက လွယ်မယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ ၂၀ဝ၈ ဖွဲ့စည်းပုံကို အချို့ပါတီတွေပြောနေသလိုကွက်ပြီးတော့ ပြင်ဖို့တော့ မဖြစ်နိုင်ဘူး၊ ဟိုအပိုဒ်လေး ဒီအပိုဒ်လေးခွဲပြီး ပြင်လို့တော့ အကျိုး ရနိုင်မယ်လို့ မထင်ဘူး။ အခြေခံကနေ စပြီး အဆုံးအထိ ပြင်မှပဲဖြစ်မှာပါ၊” ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးပုခမ်း(မ်)လျန်က “ကျွန်တော်တို့ အင်အားစုတွေကတော့ ဖွဲ့စည်းပုံကပြင်ဖို့ လွယ်မယ်မထင်ဘူး။ အဟန့်အတားတွေ အနှောင့်အယှက် တွေရှိတယ်။ လွှတ်တော်တင် ဖို့က မလွယ်ဘူးလို့ မြင်တယ်။ ပြင်လို့မရတဲ့ သဘောကတော့ထင်ရှားပါတယ်” ဟု ပြောသည်။
လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မရှင်က ယခုနှစ်မကုန်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန်ပြင်ဆင်နေသော အစီရင်ခံစာအား ရည်ညွှန်းကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “တကယ်လို့ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးခြင်းမရှိဘူးဆိုရင် အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တော်ဖြစ်ဖို့ကို စိတ်မဝင်စားဘူးဆိုတာ ဖော်ပြနေတာပါပဲ” ဟု စက်တင်ဘာလ ၁၃ ရက် ဟန်ဂေရီ သမ္မတ Janos Ader နှင့် တွေ့ဆုံစဉ် သတင်းမီဒီယာများအား ပြောကြားခဲ့သေးသည်။
UNFC တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLC)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ALC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO) တို့ပါဝင်သည်။
UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေပါတီ (SNLD)၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသား ဒီမိုကရေစီပါတီ(MDP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ၁၉၉၀ ခုနှစ်၊ရွေးကောက်ပွဲဝင်ကချင်နှင့် ကရင် တိုင်းရင်းသားနိုင်ငံရေးပါတီနှစ်ခုတို့နှင့် ဖွဲ့စည်းထားသည်။