အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့်အချက်များအား ပြင်ရန် မလိုအပ်ဟု တ-စ-ည ပါတီ ပြော

အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့်အချက်များအား ပြင်ရန် မလိုအပ်ဟု တ-စ-ည ပါတီ ပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ ဗဟိုကော်မတီဝင်များက ပြောကြား လိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြောင်းနှင့် ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း စက်တင်ဘာ လ၂၄ရက်က ပြုလုပ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ ၂၅ နှစ်မြောက်ငွေရတုအခမ်းအနား သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီပုဒ်မက သမ္မတဖြစ်မယ့်သူ ရှိသင့်တဲ့အချက်တွေ ရေးထားတာဖြစ်တယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်သူဖြစ်စေ၊ သူ့မိဘသား သမီး သမက်ချွေးမကအစ နိုင်ငံခြားသားဖြစ်ရင် ခွင့်မပြုဘူးဆိုတာက နိုင်ငံအတွက် လိုအပ်လို့ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ပြင်စရာမလိုဘူး”ဟု ဗဟိုအလုပ်မှုဆောင် တစ်ဦးဖြစ်သူ ဦးသိန်းထွန်းကပြောသည်။

သမ်္မတ၊ဒု-သမ္မတဖြစ်ခွင့်ရှိသူ၏ အရည်အချင်း ကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများမဖြစ်စေရ”ဟု ပါရှိသည်။

ထို့အပြင် အခန်း(၃)၊ ပုဒ်မ(၅၉)(ဃ) တွင်မူ သမ္မတဖြစ်ခွင့်ရှိသူသည် “အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးအမြင် များ ရှိရမည်”ဟု ပါရှိသည်။

ထိုအခန်း(၃) သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်းကန့်သတ်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းပုဒ်မသည် မိမိအတွက်၊ နိုင်ငံအတွက် မလိုအပ် သဖြင့် ပြင်ဆင်ရမည့် ပုဒ်မဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ပြည်သူ့လွှတ်တော်တွင် သတင်းထောက် များကို ပြောကြားခဲ့ဖူးသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် NLD နှင့် တိုင်းရင်းသားပါတီများက ဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များပါ၀င်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ကလည်း အခြေခံဥပဒေ အား အသစ် ပြန်လည်ရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။

“တိုင်းရင်းသားတွေကတော့ ပြင်ဆင်ရင် ပြင်ဆင်ချင်တာပဲ ပြင်မယ်။ မပြင်ချင်တာကို ထားခဲ့မယ်။ ဒါကြောင့် အသစ်ရေးဆွဲလိုက်တာ ကောင်းတယ်ဆိုပြီး ပြောကြတယ်။ တိုင်းရင်းသားညီလာခံမှာ အသစ်ပြန်လည် ရေးဆွဲဖို့ သဘောတူထားတယ်”ဟု UNA အဖွဲ့ဝင်ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအဖြစ် မှ ၁၉၈၈ခုနှစ်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထိုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ထဲတွင် အမတ်နေရာများ ရရှိထားသည်။