တောင်ကြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘုံသဘောတူညီချက် လက်တွေ့အကောင်အထည်ဖော်ရန်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင်ပြော

တောင်ကြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘုံသဘောတူညီချက် လက်တွေ့အကောင်အထည်ဖော်ရန်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ခေါင်းဆောင်ပြော
by -
မဇ္စျိမ

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပနေသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်း၊ ကယား၊မွန်)အပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအဝင် ဘုံသဘောတူ ညီချက် ငါးချက်ကို ပွဲဖြစ်မြောက်ရေးကော်မတီက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

သုံးရက်ကြာကျင်းပသည့် ယင်းဆွေးနွေးပွဲအပြီးတွင် တက်ရောက်သူများ၏ ဘုံသဘောတူညီချက်များကို ထုတ်ပြန် လိုက်ခြင်းဖြစ်ကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ မတရားအသင်း အက်ဥပဒေ အပါအဝင် ဒီမိုကရေစီစံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရန်၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ် အခြေခံသော ညီလာခံတစ်ရပ် ကျင်းပရေးနှင့် ၂၀ဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ပြန်လည် ရေးဆွဲရေး စသည့်အချက်ငါးချက်ကို ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ချက်များသည် သဘောထားသက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်သွားမည့် လမ်းစဉ်များဖြစ်ပြီး အခြေအနေနှင့် ကိုက်ညီစွာ အောင်မြင်အောင် ဖော်ထုတ်သွားရမည်ဖြစ်သည်
ဟုလည်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ အတွင်းရေးမှုး (၁) ဗိုလ်မှူးကြီးစောလွင်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထုတ်ပြန်ချက် (ဂ) ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍လည်း ဗိုလ်မှူးကြီး
စောလွင်က "ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သက်ပြီးတော့ ဖြစ်မြောက်ရေးကော်မတီက လုပ်ဆောင်ပေး နေတာ မရှိပါဘူး၊ ဖြစ်မြောက်ရေးကော်မတီမှာပါဝင်တဲ့ တစ်ပါတီချင်း၊ တစ်ဖွဲ့ချင်းအနေနဲ့ တော့ပြည်သူ လူထုကြားထဲမှာ နားလည်သဘောပေါက်အောင် ရှင်းပြတာ၊ အသံတွေ နားထောင်ပေးတာ၊အသံတွေ စုစည်းပေးတာ ပြုလုပ်နေ ပါတယ်" ဟု မဇ္ဈိမမေးမြန်းမှုကို ပြန်လည် ဖြေဆိုသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်း၊ကယား၊မွန်) သုံးရက်ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၂၁ ပါတီ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဘက်လူ့အဖွဲ့အစည်း သုံးဖွဲ့နှင့် လေ့လာသူအဖြစ် အဖွဲ့အစည်း ၃၁ ဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၃၃၁ ဦး တက်ရောက်သည်။

Most read this week