ဖမ်းဆီးခံထားရသော နော်အုန်းလှအပါ၀င် အမျိုးသမီးများအား ပြန်လွှတ်ပေးရန် လက်မှတ်ထိုးတောင်းဆို

ဖမ်းဆီးခံထားရသော နော်အုန်းလှအပါ၀င် အမျိုးသမီးများအား ပြန်လွှတ်ပေးရန် လက်မှတ်ထိုးတောင်းဆို
by -
မဇ္စျိမ

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အဖမ်းခံထားရသော နော်အုန်းလှအပါ၀င် အမျိုးသမီး လေးဦးအား ချွင်းချက်မရှိ ပြန်လွတ် ပေးရန် စုပေါင်းရေးထိုးထားသော လတ်မှတ်ထိုးလွှာအား မြန်မာအမျိုးသမီးများ ဖိုရမ်မှ နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာ၂၂ ရက်၊ ညနေတွင် ပေးပို့ခဲ့ပါသည်။

လတ်မှတ်များအား မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များ ကွန်ရက်(WON)နှင့် ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြု လုပ်ခဲ့သော အမျိုးသမီးများ ဖိုရမ်တွင် ကောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲအား စက်တင်ဘာ ၂၀ မှ ၂၂ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သုံးရက်တာအတွင်း လတ်မှတ်ရေးထိုး သူပေါင်း ၄၀၀ ၀န်းကျင်ခဲ့ရရှိခဲ့သည်။

“ဒီမိုကရေစီအဖြစ် သွားနေတဲ့ နိုင်ငံမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွက် ရှေ့ကနေ ရပ်တည်ပေးတဲ့ လူကို နိုင်ငံတော် ဆူပူမှုနဲ့ ဖမ်းတာက ဘယ်လိုမှ မလုပ်သင့်တဲ့ လုပ်ရပ် ပါ” ဟု  WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုကမြန်မာအမျိုးသမီးများ ဖိုရမ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နော်အုံးလှ၊ ဒေါ်ဘောက်ဂျာ၊ ဒေါ်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့ အဖမ်းခံထားရခြင်းကို နိုင်ငံတကာထံသို့ အကြောင်းကြား ထားပြီးဖြစ်ကြောင်း နှင့် အစိုးရထံသို့ လက်မှတ်ထိုးတောင်းဆိုထားခြင်းဖြင့် မထူးခြားပါက နိုင်ငံတကာထံသို့ တောင်းဆို သွားရန်ရှိပြီး နိုင်ငံတကာ ဖိအားများကိုပါ အသုံးချသွားမည်ဖြစ် ကြောင်း ဆိုကြသည်။

“သူတို့တွေ အကျဉ်းကျခံပြီးတော့ ကျွန်မတို့က အပြင်မှာ လွတ်မြောက်ပြီး ဘယ်လိုမှ မနေနိုင်ပါဘူး၊ ဒီလိုဖမ်းလိုက်လို့ ကျွန်မတို့ အမျိုးသမီးတွေက နောက်ဆုတ်သွားမှာ မဟုတ် ပါဘူး”ဟု WON  မှ ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။

အဆိုပါ နိုင်ငံရေးလှုပ်ရှားသူအမျိုးသမီးများအနေဖြင့် ဆန္ဒထုတ်ဖော်ခွင့်များအား သက်ဆိုင်ရာထံသို့ တင်ပြ တောင်းခံ ခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ကြောင်းနှင့် ဖမ်းဆီးခံခဲ့ရာတွင်လည်း လူ့အခွင့်အရေးနှင့် မကိုက်ညီခဲ့ကြောင်း အမျိုးသမီးအဖွဲ့များက ထောက်ပြပြောဆိုသည်။

အထူးသဖြင့် လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုဖြင့် နော်အုံးလှအား ဖမ်းစီးခဲ့စဉ်က သူမ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း များအား ထိပါး၍ ချုပ်ကိုင်ဖမ်းဆီးခဲ့ခြင်းကြောင့် အမြင်မတော်သော အခြေအနေအထိဖြစ်ခဲ့ သည် ့အပြင် သူမ၏ ရှေ့နေ သည်လည်း လျှောက်လဲခွင့်ပင် မရရှိခဲ့ပေ။

“မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်တွင် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများအား ပြန်လွတ်ပေးရန် လတ်မှတ်ထိုး တောင်း ဆိုခြင်းများ သာမက အမျိုးသမီးများအား တရား ဥပဒေများအရ ကာကွယ်ခြင်း၊ အမျိုးသမီးများနှင့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဖက်ဒရယ်ရေး၊ အမျိုးသမီးများနှင့် ကျား မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများနှင့် ဆုံးဖြတ် ချက်ချခြင်းစသော အကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များ ကွန်ရက် (WON) အဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က အဖွဲ့ဝင် ကိုးဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ယခုအခါ အဖွဲ့ဝင်ပေါင်း ၃၀ ခန့်ရှိနေပြီ ဖြစ်သည်။

အမျိုးသမီးများ အဖွဲ့ချူပ်(မြန်မာနိုင်ငံ)WLB သြည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး တိုင်းရင်းသားဒေသစုံမှ အမျိုးသမီး အဖွဲ့ ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သုံးရက်တာ ပြုလုပ်ခဲ့သော အဆိုပါ ဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်တစ်လျှောက် အခြေစိုက် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသမီးအဖွဲ့အစည်းများ၊ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများ ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်။