ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ စကားသံများ

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ စကားသံများ
by -
မဇ္စျိမ

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပပြီး ယင်းဆွေးနွေးပွဲတွင် ရှမ်း၊ ကယားနှင့် မွန်ပြည်နယ် သုံးခုမှ အဖွဲ့အစည်းများ အဓိကပါ၀င်ဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPA/SSA)၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၊ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊  မြန်မာနိုင်ငံရှေ့ နေများ အသင်း၊ ကယန်း အမျိုးသား ကာကွယ်ရေးတပ် (KNG) ၊မွန်ပြည်သစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားလူ မျိုးစု ဒီမိုကရေစီပါတီတို့ ပါ၀င်ဆွေးနွေးသည်။

နေ့လည်ပိုင်း ဆွေးနွေးမှုတွင် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA )၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊  ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ Shan State Joint Committee တို့က ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများထဲမှ အချို့၏ဆွေးနွေးပွဲပေါ်အမြင်များ၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များပေါ် အမြင်များနှင့်ပတ်သက်ပြီး မဇ္ဈိမက ဖော်ပြ ပေးလိုက်ပါသည်။

ဗိုလ်မှူး စောလွင်
(တွဲဖက်အတွင်းရေးမှူး ၊ ကယန်းပြည်သစ်ပါတီ )

တောင်ကြီးမှာကျင်းပတဲ့ ပွဲကတော့ အရင်ပွဲတွေထက်စာရင် တက်ရောက်တဲ့ အဖွဲ့တွေ ပိုပြီးတော့ စုံလာတယ်၊ ပိုပြီးများ လာတယ်၊ ဆွေးနွေး ညှိနှိုင်းမှုတွေကလည်း နိုင်ငံရေး ကိစ္စတွေပဲဖြစ်တယ်၊ ဆွေးနွေးချက်တွေကလည်း  တစ်ထပ်တည်း ဖြစ်လာတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ် ရေးဆွဲရေး၊ ပင်လုံစိတ်ဓာတ်ပါတဲ့ ညီလာခံ ကျင်းပရေးစတဲ့ ဆန္ဒတွေ တစ်ထပ်ထည်း ဖြစ်လာတယ်၊ သည်တော့ ကျွန်တော်တို့ ဆွေးနွေးပွဲက ရလဒ်ကောင်းတွေကို ဆုပ်ကိုင်ပြီး ပိုမိုကျယ်ပြန့်ပြီး နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝတဲ့ လက်တွေ့လုပ်ငန်းတွေ ကိုလည်း ဖော်ထုတ်နိုင်တဲ့ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ခြင်းပွဲတွေ ထပ်မံလုပ်ဆောင်သွားမှာဖြစ်တယ်။

ဦးကိုကိုကြီး
(၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ နေရာမှာ ယုံကြည်မှုက အဓိကကျပါတယ်။ ယုံကြည်မှုလို့ ပြောရင် တိုင်းရင်းသား အစုတစ်ခုနှင့် တစ်ခု နိုင်ငံရေးအင်အားစု တစ်ခုနှင့်တစ်ခုသာမကပဲ နိုင်ငံသားတစ်ဦးနှင့် တစ်ဦးကြားပါ
ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ပါတယ်။  သည်လိုမျိုး ယဉ်ကျေးမှု အသစ်တွေကိုလည်း ကျွန်တော်တို့ ကိုယ်တိုင်ပဲပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဆေထင်
(နာယက၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊  ရှမ်းပြည်တပ်မတော် SSPA/SSA)

ရှမ်းပြည်တပ်မတော် (SSPA/SSA) အနေနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စု အဆင့်ပါ အပစ်ရပ်စဲရေး လက်မှတ်ထိုး ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အခုလို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နားလည်မှု တည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးတွေ တည်ဆောက်နိုင်မှာ မဟုတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေး တကယ် ဖြစ်လာ နိုင်စရာ မရှိပါဘူး။

 

ဗိုလ်မှူးချုပ် စိုင်းပေါင်းခေး
(ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင်၊ RCSS/SSA)

နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရက အိမ် ရှင်ဖြစ်နေတဲ့အတွက် စိတ်ရှည် လက်ရှည် သဘောထားပြီး အားလုံး ပါ၀င်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ တပ်မတော်ကိုလည်း တိုင်းရင်းသားတွေပါ၀င်တဲ့ တန်းတူ အခွင့်အရေး ရှိသည့် ပြည်ထောင်စုတပ်မတော် အဖြစ်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းကို ၀င်ရောက် မစွက်ဖက်သည့် တပ်မတော်မျိုးဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ပြည်ထောင်စုတပ်မတော်ကို သမ္မတက တိုက်ရိုက် ကွပ်ကဲ အမိန့်ပေးပြီးပြည်နယ်လုံခြံုရေး တပ်တွေကို ပြည်နယ်ဝန်ကြီးချုပ်က တိုက်ရိုက်ကွပ်ကဲရမှာ ဖြစ်ပါတယ်။

ပဒို မန်းငြိမ်းမောင်
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ကရင်အမျိုးသားအစည်းရုံး)

တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံ တစ်စုတစ်ဝေးတည်းတွေ့ရတာ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့  ရေးဆွဲထားတာ တွေရှိတယ်။ နှစ် ၆၀ ကျော်လောက် စစ်တိုက်ခဲ့ရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခက်ခဲတွေအများကြီး ရှိတယ်။ အခု ရောက်နေတဲ့ နိုင်ငံရေး အချိုးအကွေ့ဟာ  အပြုသဘောဆောင်တဲ့ ချည်းကပ် မှုနဲ့ နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်တယ်။

ဦးနိုင်ငွေသိန်း
(ဥက္ကဋ္ဌ၊ မွန်ဒီမိုကရေစီပါတီ MDP)

အခြေခံအားဖြင့် တိုင်းရင်းသားတွေ လက်ခံထားတာ ပြည်နယ် မူ ယူနစ် နှစ်ခုရှိတယ်၊ လူမျိုးအခြေခံရယ်၊ ဒေသအခြေခံ ပြီးတော့ လုပ်တာရယ်ရှိတယ်။ ဒါကို ရောထွေးလို့မရပါဘူး။ ငြိမ်းချမ်းရေးရဖို့ လက်ရှိ အစိုး ရရော တိုင်းသူပြည်သားတွေရော နည်းလမ်းရှာဖို့လိုပါတယ်။ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးမှုမရှိလို့ တိုင်းရင်းသားတွေအားလုံး ဖိနှိပ်ခံခဲ့ရတယ်၊ တိုင်းရင်းသားလူမျိုးတွေက ငြိမ်းချမ်းရေး ပိုပြီးလိုချင်ပါ တယ်၊ ဖက်ဒရယ် အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဘယ်သူမှ ငြိမ်းချမ်းရေး ခေါ်ဆောင်စရာ မလိုဘဲ သူ့အလိုလို ၀င်လာကြမှာပါ။

Most read this week