ALD- RNDP တစ်ပါတီ ဖြစ်မြောက်ရေး အစည်းအဝေး ရက်ရွှေ့ဆိုင်း

ALD- RNDP တစ်ပါတီ ဖြစ်မြောက်ရေး အစည်းအဝေး ရက်ရွှေ့ဆိုင်း
by -
နိရဥ္စရာ

ယခုလ နောက်ဆုံး အပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပေါင်းစည်းရေး အစည်းအဝေးကို နောက်လာမည့် အောက်တိုဘာလတွင် ပြုလုပ်ရန် ရက်ရွှေ့လိုက်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်တွင် နှစ်ဘက်ပါတီ ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံးပြီးနောက် ထိုသို့ ရက်ရွှေ့လိုက် ခြင်း ဖြစ်ကြောင်း RNDP ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

“ ပထမ အစီအစဉ်က ဒီလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ စစ်တွေမှာ တွေ့ဆုံကြပြီး တစ်ပါတီ ဖြစ်မြောက်ရေး ကိစ္စကို ဆွေးနွေးကြဖို့ရှိတယ်။ ဒါကို နှစ်ဘက်ခေါင်းဆောင်တွေက အောက်တိုဘာလကို ရွှေ့လိုက်ပါတယ်။ အောက်တိုဘာလ တစ်ရက်ရက်မှာတော့ ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

တွေ့ဆုံမည့်နေ့ကို ရက်ရွှေ့လိုက်ရသော အဓိက အကြောင်းအရင်းမှာ နှစ်ဘက်ပါတီ ခေါင်းဆောင်များ  မအားလပ်ကြ၍ ဖြစ်ကြောင်း သူက ပြောသည်။

“ ရန်ကုန်တွင် တွေ့ဆုံပွဲက အားရ ကျေနပ်စရာကောင်းပါတယ်။ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချတာတွေတော့ မရှိပါ။ တရားဝင် အစည်းအဝေးတော့ မဟုတ်ဘဲ အလွတ်သဘောမျိုး တွေ့ဆုံကြတာပါ” ဟု ၎င်းက ဆက်ဆိုသည်။

ရန်ကုန်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ နှင့် ၁၈ ရက် နေ့များတွင် ပြုလုပ်ခဲ့ကြပြီး RNDP မှ ခေါင်းဆောင် (၃) ဦး၊ ALD မှ ခါင်းဆောင် (၅) တက်ရောက်ခဲ့သည်ဟု သိရသည်။

တက်ရောက်ခဲ့သူများမှာ RNDP ဘက်မှ ဦးအောင်ကျော်ဇံ၊ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ဦးစံကျော်လှ တို့ ဖြစ်ကြပြီး  ALD ဘက်မှ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းညိုနှင့် နောက်တစ်ဦးတို့ ဖြစ်ကြသည်။

Most read this week