စစ်ဖြစ်ပွားရာဒေသမှ အမျိုးသမီးများကို အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုဖြစ်စဉ်များ အစီရင်ခံစာ ထုတ်မည်

စစ်ဖြစ်ပွားရာဒေသမှ အမျိုးသမီးများကို အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုဖြစ်စဉ်များ အစီရင်ခံစာ ထုတ်မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံအတွင်း စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးများအား အစိုးရစစ်သားများမှ အဓမ္မပြု ကျင့်မှုဖြစ်စဉ် များကို ရေးသားထားသော အစီရင်ခံစာတစ်ခုကို နိုဝင်ဘာလတွင် ထုတ်ဝေသွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က မဇ္ဈိမကို ပြောသည်။

အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများသည် စစ်ပွဲဒေသများတွင် အမျိုးသမီးများ နေ့စဉ်ကြုံတွေ့နေရသော ပြဿနာ များ ဖြစ်နေပြီး၊ စာတမ်းပြုစုနိုင်ရန် ကချင်၊ ရှမ်း နှင့် ကရင်ပြည်နယ်တို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သော အမျိုးသမီးများ အား တွေ့ဆုံမေးမြန်းပြီး စာရင်းကောက်ယူခြင်းနှင့် အချက်အလက်များ စုဆောင်းခြင်းတို့ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီး အဖွဲ့ပေါင်း ၁၃ ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“ပြုကျင့်သူတွေက စစ်သား၊ စစ်ဗိုလ်တွေဖြစ်နေတာ စစ်ဥပဒေအတိုင်းအရေးယူ ပေးဖို့လိုတယ်။ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ဒေသတွေမှာတောင် အဓမ္မမှုတွေ ဖြစ်နေတာက တရားဝင်ကျူးလွန်ခွင့် လိုင်စင်ထုတ်ပေးထားသလို ဖြစ်နေပြီ”ဟု အဖွဲ့မှ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ဆိုသည်။

ကချင်၊ ရှမ်း၊ ကရင်နှင့် ကရင်နီစသော ပြည်နယ်တစ်ခုစီတွင် အနည်းဆုံး အဓမ္မမှု ၅၀ကျော် ပါ၀င်သော အစီရင်ခံစာကို နိုဝင်ဘာ၂၅ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှု နှင့် ဒီဇင်ဘာလတွင် ၁၀ရက်၊လူ့အခွင့်အရေး နေ့များတွင်ပါ လှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ အဖွဲ့ဝင်များဖြစ်သော Shan Women`s Action Network (SWAN) နှင့် Kachin Women's  Association_Thailand (KWAT) များကလည်း အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများနှင့် အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်ပြီး အစီရင်ခံစာများကို ၂၀၁၀ နောက်ပိုင်းက ထုတ်ဝေထားခဲ့သည်။

SWAN အဖွဲ့က ရှမ်းပြည်နယ်၊ စစ်ပွဲဒေသများမှ အဓမ္မပြုကျင့်ခံ့ရသူ အမျိုးသမီး ၁၅၀ ကိုကတွေ့ဆုံမေးမြန်း၍ မုဒိန်းကျင့်ခွင့်ရလိုင်စင်ဆိုသော အစီရင်ခံစာအုပ်ကို ရေးသားခဲ့သည်။ KWAT အဖွဲ့ကလည်း ကချင်ပြည်နယ်တွင် အမျိုးသမီးများ ကြုံတွေ့နေရသော လူကုန်ကူးခံရမှုများနှင့် အဓမ္မမှုများအကြောင်း ရေးသားထားသော Pushed to the Brink ဆိုသော စာအုပ်ကို ထုတ်ဝေခဲ့သည်။

Karen Women`s Organization မှ ဥက္ကဋ္ဌ ဒေါ်နန်းဒါအဲကလယ်ကလည်း “ ကျူးလွန်ခံရတဲ့ အမျိုးသမီး တွေကို ကျွန်မတို့က ဆေးဝါးကုသမူတွေ ဘဝလုံခြုံရေးတွေကို ပေးထားပေးလို့ အခိုက်အတန့်အားဖြင့် စိတ်သက်သာရာ ရပေမယ့် စိတ်ပိုင်းဆိုင်ရာကုစားဖို့ကတော့ သူတို့လုပ်နိုင်မှာမဟုတ်သေးဘူး တရားမျှတမှု ဆိုတာလည်း မရသေး ဘူးလေ” ဟုဆိုသည်။

ပြည်တွင်းမှ အမျိုးသမီးအဖွဲ့များကလည်း ထိုကဲ့သို့ဖြစ်ရပ်များအား Myanmar Human Right Commission ထံသို့ သွားရောက်တင်ပြသော်လည်း ၎င်းတို့ကစစ်ပွဲဒေသများ၊ ပဋိပက္ခဒေသများတွင်ဖြစ်ပေါ်နေသော အကြောင်းအရာ များအား နောက်ဆက်တွဲ စစ်ဆေးရန် အခက်အခဲများရှိခြင်းကြောင့် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)မှ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး mission Team  အဖွဲ့သည်လား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လိုက်လံတွေ့ဆုံပြီး အမျိုးသမီးနှင့်ကလေးများအတွက် အထူးပြုလုပ်ပေး ရမည့် လုံခြုံရေး၊ စားဝတ် နေရေးများနှင့် စစ်ပွဲတစ်လျှောက် အကြမ်းဖက်ခံရသော အမျိုးသမီးအတွက် နစ်နာမှုများကို တရားမျှတအောင်  ပြန်လည်ပြုလုပ်ပေးရန်နှင့် ထိုအကြောင်းရာများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် တောင်းဆိုထားသည်။

Most read this week