စစ်တွေရောက် တရုတ်ကူ Modular အိမ်များ စာသင်ကျောင်းနှင့် ဆေးခန်း အဖြစ် အသုံးပြုမည်

စစ်တွေရောက် တရုတ်ကူ Modular အိမ်များ စာသင်ကျောင်းနှင့် ဆေးခန်း အဖြစ် အသုံးပြုမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသော တရုတ်နိုင်ငံမှ ကူညီထောက်ပံံ့သည့် အဆင်သင့် တပ်ဆင် ဆောက်လုပ်နေထိုင်နိုင်သည့် Modular အိမ်များကို စာသင်ကျောင်းများ၊
ဆေးခန်းများ အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောသည်။

“ စစ်တွေကို ရောက်ရှိနေတာက အိမ်လုံးရေ ၁၅၀ အတွက် ဖြစ်ပါတယ်။ အဲဒီအိမ်တွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ကူညီတာ ဖြစ်ပါတယ်။ အဓိကတော့
စာသင်ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ လိုအပ်တဲ့ နေရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။

တရုုတ်မှ ၁၀ ဘီးတပ် ကားများဖြင့် သယ်ယူလာသော Modular အိမ်ဆောက် ပစ္စည်းများကို တွေ့ရစဉ်

၎င်းအိမ်များကို မူဆလင် ဒုက္ခသည်များ အတွက် ဦးစာပေး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း တချို့ Facebook စာမျက်နာများတွင် ပျ့ံနှံ့နေ မှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ဦးဝင်းမြိုင်က ယခုလို တုန့်ပြန် ပြောဆိုသည်။

“ ကျွန်တော်တို့ အစိုးရအဖွဲ့က ဒီ တရုတ်ကလာတဲ့ အိမ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ပေးမယ်။ ဘယ်အတွက်ပေးမယ်ဆိုတာ ဘာမှ  ထုတ်ဖေါ် မပြောရသေးပါလား။ မူဆလင် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ရှစ်ခန်းတွဲ အိမ်တွေ အကုန်လုံး ဆောက်ထားပေးပါပြီ။ နောက်ထပ် လိုအပ်တဲ့ ရှစ်ခန်းတွဲ အလုံး ၂၀ ကိုလည်း ဆက်လက် ဆောက်လုပ်ဖို့စီစဉ်နေပါတယ်။ သူတို့အတွက် အိမ်နောက်ထပ်ထောက်ပံ့စရာမ လိုတော့ပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း တရုတ်က ကူညီပေးသော အဆင်သင့် ဆောက်လုပ်နေထိုင်နိုင်သော Modular အိမ်များကို ရခိုင်အရေးအခင်း အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြို့နယ်များသို့  ဒုက္ခသည် လူဦးရေ အလိုက် အညီအမျှ ခွဲဝေ ပေးသွားမည်ဟု သူက ဆိုသည်။

၎င်းအိမ်များကို လူနေအိမ်များ အဖြစ် အသုံးပြုမည် မဟုတ်ကြောင်း၊ အများသုံး စာသင်ကျောင်း- ဆေးခန်း များ အဖြစ် အသုံးပြုမည် ဖြစ်ကြောင်း၊ အိမ်များမှာ အဆင်သင့်နေထိုင်နိုင်သော အိမ်များ ဖြစ်သော်လည်း သာမန် လက်သမားများ တပ်ဆင် တည်ဆောက်၍ မရကြောင်း၊ သို့အတွက် အိမ်များကို တပ်ဆင်မည့်သူများ ကို သင်တန်းပေးနေကြောင်း၊ သင်တန်းမှ ရောက်ပြီးမှ အိမ်များကို တပ်ဆင် ရမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

၎င်းပြင် အိမ်တစ်လုံးအတွက် သယ်ယူစရိတ်မှာ တရုတ်နယ်စပ်မှ ရခိုင်ပြည်နယ် အထိ ကျပ် သိန်း ၃၀ ကျော်ကုန်ကျကြောင်း၊ အိမ်များမှာ တန်ဖိုးရှိကြောင်း၊ နှစ်ထပ်အိမ်များ ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ အိမ်တစ်လုံးရဲ့ အလျားက ၂၅ ပေ၊ အနံက ၂၁ ပေနဲ့ အမြင့်က ၁၈ ပေ ရှိပါတယ်။ နှစ်ထပ် အိမ်တွေပါ။ သံဖရိန်တွေနဲ့ တည်ဆောက်ထားတယ်။ အခင်းက ကျောက်ပြားတွေ ဖြစ်တယ်။ ကွန်ကရစ် အထိုင်တွေနဲ့
ဆောက်ရတယ်။ ဒါကြောင့် မြင်တိုင်းလူ ဆောက်လို့ မရဘူး။ ဒါကြောင့် ဆောက်မယ့်သူတွေ သင်တန်းသွား တက်နေကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Modular အိမ် (၁၅၀) ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁) သန်းဖိုးရှိကြောင်း သတင်းထွက်ပေါ်နေသော် လည်း အိမ်များ၏ တန်ဖိုးကို သူအနေနှင့် အတည်မပြုနိုင်ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

၎င်းအိမ်များကို ခေတ်မီ နည်းစနစ်ဖြင့် ပြုလုပ်ထားပြီး အထိုင် ဆောက်၍လည်း ရကြောင်း၊ ရွှေ့ပြောင်း၍ လည်း ရနိုင်ကြောင်း သူက အိမ်များနှင့် ပတ်သက်ပြီး ပြောဆိုသည်။

၎င်းအိမ်များကို ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ပြီးကတည်းက တရုတ်နိုင်ငံက ကူညီထားသော အိမ်များ ဖြစ်ကြပြီး ၂၀၁၃ ခုနှစ် စက်တင်္ဘာလမှ စစ်တွေသို့ ၁၀ ဘီးတပ် ကားကြီးများဖြင့်  ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week