၈၈ အရေးတော်ပုံကို သင်ခန်းစာယူကာ အကြမ်းမဖက်ရန် ဦးတင်ဦး ပြောကြား

၈၈ အရေးတော်ပုံကို သင်ခန်းစာယူကာ အကြမ်းမဖက်ရန် ဦးတင်ဦး ပြောကြား
by -
မဇ္စျိမ

၈၈ အရေးတော်ပုံ ဒီမိုကရေစီတိုက်ပွဲဝင် မဝင်းမော်ဦး(၂၅)နှစ်ပြည့် ငွေရတု အောက်မေ့ဘွယ် အခမ်းအနားကို မဝင်းမော်ဦး၏ မိဘနှစ်ပါးက စက်တင်ဘာလ ၁၉ ရက်၌ လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့ရာ NLD ပါတီ၏ နာယက ဦးတင်ဦးက ဂုဏ်ပြုစကားပြောခဲ့သည်။

NLD ပါတီမှ နာယကဦးတင်ဦးက “အခု ဒီမိုကရေစီအလင်းရောင်လေး အစပျိုးတယ်လို့ ပြောကြတာပဲ။ မေတ္တာရပ်ခံ ချင်တာက - မလုပ်ကြပါနဲ့ နှစ်ပေါင်းလည်း ကြာလှပြီ။ ကျောင်းသားတွေလည်း အသက်စွန့် သွားကြတာ တော်တော် များပြီ။ တော်လောက်ပါပြီ။ မဝင်းမော်ဦး အသက်စွန့်သွားတာသည် သင်ခန်းစာ ကောင်းတစ်ခုအဖြစ် ရှိနေမှာပါ။ အလေးအနက်ပြုထိုက်ပါတယ်”ဟု ပြောသည်။

“နိုင်ငံ၏အုပ်ချုပ်ရေးယ​န္တရားအတွင်းရှိ အာဏာလိုချင်သောသူများသည် လက်နက်အားကိုး အကြမ်းဖက် ကာရယူခြင်း သည် ယနေ့အချိန်အထိ မှားယွင်းနေဆဲဖြစ်ပြီး အင်မတန် အရုပ်ဆိုးအကျည်းတန်သည့် ဖြစ် ရပ်တစ်ခု ဆိုသည်ကို သွေး အလိမ်းလိမ်းဖြင့် ၈၈ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သည့် လူမမည် စာမ မြောက်သည့် လူငယ်ကျောင်းသားလေးများ၏ဖြစ်ရပ်က သမိုင်းတွင် အလေးနက် ကျန်ရစ်နေမည်”ဟု ဦးတင်ဦးက ပြောသည်။

မဝင်းမော်ဦးသည် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက်တစ်နေ့ စက်တင်ဘာလ ၁၉ ရက်၌ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ကိုင်ဆောင်ကာ ဒီမိုကရေစီတိုက်ပွဲဝင် ဆန္ဒပြခဲ့သည့် ဆူးလေဘုရားလမ်းနှင့် ကုန်သည် လမ်းထောင့်တွင် အကြမ်းဖက် တိုက်ခိုုက်မှုများကြောင့် သေဆုံးခဲ့ရသည်။

မဝင်းမောင်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူက “ဒီမိုကရေစီမရမချင်း သူ့နာမည်ကိုခေါ်ပြီး အမျှမဝေဖို့ ကျွန်တော့်သမီး မဝင်းမော်ဦးကို ကတိပေးထားတယ်။ ၂၅ နှစ်လုံးတိုင်အောင် သမီးနာမည်ခေါ်ပြီး ယနေ့ အချိန်ထိ အမျှမဝေသေးပါဘူး။ အခြေခံဥပဒေ ပြောင်းမှသာလျှင် အမျှဝေမယ်လို့ စဉ်းစားထားတယ်” ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ အာဏာပိုင်များက ခွင့်ပြုပေးခဲ့သဖြင့် မဝင်းမော်ဦး (၂၅) နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

မဝင်းမော်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက “၈၈ ဒီမိုကရေစီအရေးတော်မှာ ကျဆုံးသွားတဲ့ သူတွေအတွက် တစ်နှစ် တစ်ခါ အခမ်းအနားလေး ပြုလုပ်ခွင့်ရအောင် အမှတ်တရနေရာလေးတစ်ခု ထားရှိပေးရင်ပို ကောင်းမယ်” ဟု ပြော သည်။

၈၈ အရေးတော်ပုံတွင် မဝင်းမော်ဦးအပါအဝင် မောင်သန်းဌေး၊ မောင်တင်ထွန်းတို့ ကျဆုံးခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အတွင်း အလက (၄) ကျောင်းမှ ကျောင်းသား ၁၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

Most read this week