အိမ်ထောင်စု ရှစ်စုနေထိုင်နိုင်သည့် တန်းလျားတစ်ထောင်ကျော် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဆောက်လုပ်ပြီး ဖြစ်သော်လည်း လုံလောက်မှုမရှိသေးခြင်းကြောင့် ပြည်နယ်အစိုးရက အကူအညီများ ဆက်လက် တောင်းခံနေရဆဲဖြစ်သည်။
“သီးသန့် ဒုက္ခသည်စခန်းတွေမှာတော့ အားလုံး မထားနိုင်သေးဘူးလေ။ ဘုန်းကြီးကျောင်းတို့ အခြား အဆောက် အအုံတွေမှာ ထားရတာတွေ ရှိသေးတယ်။ ဒါကြောင့် အဆောက်အအုံတွေ လိုအပ်နေသေး တာပါ”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် တဲအလုံးရေ ငါးဆယ်ကို စက်တင်ဘာ ၁၇ က ထပ်မံလှူဒါန်းထားပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင်မြို့များသို့ ခွဲဝေပို့ဆောင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
ယခုနှစ် ဇူလိုင်လက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ နိုင်ငံခြားရေးဝန်ကြီး ဌာန ရုံးတွင် ဇွန်လကတွေ့ဆုံခဲ့စဉ် “ဒုက္ခသည် ၉၀ ရာခိုင်နှုန်း အမိုးအကာအောက်ရောက်ပြီ”ဟု ရခိုင်ပြည် နယ် အစိုးရအဖွဲ့ ဥပဒေချုပ် ဦးလှသိန်းက ပြောကြားခဲ့သေးသည်။
ပြည်နယ်အစိုးရ၊ ကုလအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ဒုက္ခသည်များအတွက် အလျား ၄၅ပေ၊ အနံ ၃၀ပေရှိ မိသားစု ရှစ်စု နေထိုင်နိုင်သည့် ယာယီတန်းလျားပေါင်း တစ်ထောင်ကျော်ကို ဒုက္ခသည်များ အတွက်ဆောက်လုပ်ခဲ့ပြီး အစိုးရက လုံလောက်သည့်သဘော ပြောဆိုထားခြင်း ဖြစ်သည်။
သို့သော် ယခုစက်တင်ဘာထိ လေးလကြာမြင့်သည့်တိုင် နေစရာများ မလုံလောက်ဖြစ်နေသည်ဟု ယင်း အစိုးရ အဖွဲ့ကပင် ပြန်လည်ပြောကြားနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံကလည်း သံထည်များဖြင့် ဆောက်လုပ်ထားသည့် အသင့်နေ အိမ်အလုံးရေ ၁၅၀ ကို ပြည်ထောင်စု အစိုးရမှတစ်ဆင့် လှူဒါန်းထားပြီး ရခိုင်ပြည်နယ်သို့ အလုံးနှစ်ဆယ် ရောက်ရှိထားပြီး ရခိုင်ပြည်နယ်အစိုးရက အရွယ်အစား ကြီးလွန်းနေသည့်အတွက် ဒုက္ခသည်များအတွက် အသုံးမပြုဘဲ ရခိုင်ပြည် နယ်တစ်ဝန်းရှိ အခြား လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟု ဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး ရခိုင်ဒုက္ခသည် သုံးသောင်းကျော်နှင့် ဘင်္ဂလီဒုက္ခသည် ခုနစ် သောင်းကျော် ရှိသည်။ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက လှူဒါန်းငွေနှင့်ဗဟိုအစိုးရက ပြည်နယ်အစိုးရထံ ခွဲဝေပေးသည့် ငွေကျပ်သိန်းပေါင်း ငါးသောင်းရှိပြီး ထိုငွေအများစုကို ဒုက္ခသည် စခန်း ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုထားကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန် ရှင်းလင်းထားသည်။