တရားစွဲခံရ တောင်သူ ၁၆ ဦးအား စစ်တပ်ကို အသနားခံရန် တရားသူကြီးက ဖိအားပေး

တရားစွဲခံရ တောင်သူ ၁၆ ဦးအား စစ်တပ်ကို အသနားခံရန် တရားသူကြီးက ဖိအားပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာမှ လယ်သမား ၁၆ ဦးအား စစ်တပ်က စွဲဆိုထားသော အမှုကို တနှစ်ကျော်ကြာလာသည့်တိုင်အောင် စီရင်ချက် မချနိုင်ဘဲ ဖြစ်နေသဖြင့်  အမှုကို အဆုံးသတ်ရန် မင်းပြားမြို့ နယ် တရားသူကြီးက တောင်သူများအား စစ်တပ်ကို သွားရောက် အသနားခံရန် ဖိအားပေးနေသည်ဟု သတင်း ရရှိသည်။

“ ကျွန််တော်တို့ ရွာသား ၁၆ ဦးကို လွန်ခဲ့တဲ့နှစ် ၀ါဆိုလကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီနှစ် ၀ါဆိုလ တောင် လွန်ပီး တနှစ်ကျော်ကြာလာပေမယ့် အမှုကို စီရင်ချက် မချနိုင်ဘဲ ဖြစ်နေတဲ့ အတွက် မြို့နယ် တရားသူကြီးက ကျွန်တော်တို့ကို ကျောက်တော် တပ်ရင်းကိုသွားပြီး အသနား သွားခံဖို့ အကြိမ်ကြိမ် ဖိအားပေး နေပါတယ်။ စစ်တပ်က အမှုကို ရုတ်သိမ်းမှ ဒီအမှု ပြေလည်နိုင်မယ်။ မဟုတ်ရင် ခင်ဗျားတို့ ဆက်ရုံးတက်နေရမယ်လို့ ပြောပါတယ်” ဟုဒေသခံ လယ်သမားကြီး တစ်ဦးက ပြောသည်။

ဓါတ်ပုံအညွန်း- ရခိုင်မှ လယ်တောသူများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)

သို့သော်လည်း လယ်သမားများမှာ ယခုအချိန်ထိ အကြောင်း အမျိုးမျိုးကြောင့် အသနားခံရန် မသွားရောက်ကြဟု သူက ဆက်ပြောသည်။

မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာမှ လယ်သမား ၁၆ ဦးအား ကျောက်တော် အခြေစိုက် စကခ တပ်မဟာ (၉) မှ သိမ်းထားသော လယ်မြေ ဧက ၄၂၀ ပေါ်တွင် တက်ရောက် လယ်ထွန်ကြသဖြင့် ပိုင်နက်ကျူးလွန်မူဖြင့်  ၂၀၁၂ ဇွန်လ အတွင်းက မင်းပြားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

သူတို့ကို တရားစွဲသူမှာ စကခ (၉) မှ တပ်ကြပ်ကြီး ကျော်ကျော်ထွန်း ဖြစ်သော်လည်း တစ်ကြိမ် တစ်ခါမျှ တရားရုံးကို ရောက်ရှိလာခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

“ လယ်သမားတွေ တရားရုံးတက်ရတဲ့ အကြိမ်ကို မမှတ်မိတော့ဘူး။ တရားလို ဖြစ်တဲ့ တပ်ကြပ်ကြီး ကျော်ကျော်ထွန်း က တရားစွဲဆိုပြီးကတည်းက တစ်ခါမှ မလာတဲ့ အတွက် တရားလိုကို တစ်ခါမှ မစစ်ဘူး။ သူ့ကိုယ်စား လယ်ကို ကိုင်တဲ့ စစ်တပ်က မျိုးမင်း ဆိုတဲ့ သူ တစ်ဦးတော့ လာပါတယ်။ ကျွန်တော် တို့ကို ရုံးချိန်းတယ်။ ပြန်လွှတ်တယ်။ လယ်သမားတွေမှာသာ ရုံးကို ခဏခဏ သွားနေရတော့ စရိတ်စခကုန်၊ အချိန်ကုန်၊ လူပမ်း ဖြစ်နေကြရပါတယ်” ဟု  ၎င်းက ဆိုသည်။

၎င်းပြင် သူတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ စစ်တွေမှ ရှေ့နေမကြီး ဒေါ်အေးနုစိန်လည်း တရားလို မရောက် သဖြင့် ရုံးချိန်းလာရောက်ရန် ပျက်ကွက်နေ၍  တရားသူကြီးမှ လယ်သမားများကို ဆူပူ ကြိမ်းမောင်း ကာ နောက်ထပ် ရှေ့နေတစ်ဦးဌားရန် ဖိအားပေးနေသည်ဟု ဆိုသည်။

ဗလိပေါက်ကျေးရွာမှ မင်းပြားမြို့နယ်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာမှ လယ်ဧက ၄၂၀ ကို လာရောက် သိမ်းယူသည့် စစ်တပ်မှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်သော စကခ (၉) ဖြစ်ကြောင်း သိရသည်။

ဗလိပေါက် ကျေးရွာအနီးတွင် မည်သည့် စစ်တပ်မှ မရှိသလို လယ်များပေါ်တွင်လည်း တစ်စုံတစ်ရာ စီမံကိန်းများနှင့် အဆောက်အဦးများ ဆောက်လုပ်ခြင်း မရှိဟု ဆိုသည်။ အဆိုပါ လယ်မြေများကို တပ်ရံပုံငွေအတွက် အကြောင်းပြကာ သိမ်းယူခြင်း ဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။

မြန်မာ တပ်မတော်မှ သိမ်းယူထားသော မြေများတွင် တပ်မတော်မှ တစ်စုံတစ်ရာ စီမံကိန်းများ တည်ဆောက်၍ မရှိပါက ပြန်ပေးမည် ဖြစ်ကြောင်း တပ်မတော် အကြီးအကဲများမှ ပြည်ထောင်စု လွှတ်တော်တွင် ဂတိပြု ပြောကြားပြီး နောက် သိမ်းယူထားသော ဧက ၄၂၀ ထဲမှ  ဧက ၈၀ ကို ကျေးရွာသားများ လုပ်ကိုင် စားသောက်ရန် ခွဲဝေ ပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါ ဧက ၈၀ ကို အပြီးပိုင် ပေးသလား၊ တစ်သီးစားအတွက် ပေးသလားဆိုသည်ကို ပြတ်ပြတ်သားသား တစ်စုံတစ်ရာ ထုတ်ဖေါ် ကျေညာပြောကြားခြင်း မရှိသေးကြောင်း ရွာသားများက ဆိုသည်။

စစ်တပ်လက်ထဲတွင် ကျန်ရှိနေသော လယ်ဧက  ၃၂၀ ကိုမူ တပ်နှင့် ပေါင်းပြီး လုပ်စားနေသူ ဗလိပေါက် ကျေးရွာမှ ဦးစံလှထွန်း၊ ဦးငလုံးချေ၊ ဦးမောင်မောင်စော ပါအဝင် လူ ၁၁ ဦးက သီးစားစနစ်ဖြင့် လုပ်ကိုင် စားသောက်နေကြောင်း သိရသည်။

Most read this week