ကရင်နီရိုးရာ လယ်စောင့်နတ် ပူဇော်ပွဲ

ကရင်နီရိုးရာ လယ်စောင့်နတ် ပူဇော်ပွဲ
by -
ကန္တာရဝတီတိုင်း(မ်)

ရွာရဲ့ဝန်းကျင်တစ်ခုလုံးမှာ ကျယ်ပြောလှတဲ့ စပါးခင်တွေဟာ မျက်စိတဆုံး မြင်နေကြရသူတို့အဖို့ ဒီရွာလေးမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့  အသက်မွေးဝမ်းကြောင်း အလုပ်ဟာ ဆန်စပါး စိုက်ပျိုးခြင်း ဆိုတာ မမေး ဘဲလူတိုင်း သိနိုင်ကြမှာဖြစ်ပါတယ်။

စပါးစိုက်ပျိုးခြင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သလို ကရင်နီလူမျိုးတွေ အတွက်လည်း အဓိက အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်ပါတယ်။

ယခုလို စပါးစိုက်ပျိုးပြီးလို့ ရိတ်သိမ်းချိန်ရောက်လာ ပြီဆိုရင်တော့ ကရင်နီလူမျိုးစု တိုင်းရင်းသားတွေဟာ မရိတ်သိမ်း မှီ  ရိုးရာဓလေ့ ပြုလုပ်နေကြ ဖြစ်တဲ့ လယ်စောင့်နတ်ကို စပါးစာကျွေးခြင်းဆိုတဲ့ ဓလေ့ကို ပြုလုပ်လေ့ရှိကြပါ တယ်။

စပါးစာကျွေးပွဲ ပြုလုပ်မယ့် တနီးလာလဲ ဆိုတဲ့ကရင်နီ (ကယား) ကျေးရွာလေးတစ်ရွာက သူငယ်ချင်း အိမ်တအိမ်ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ကာလသားတွေ တပျော်တပါး ထမင်းထောင်းနေတဲ့ အချိန်၊ မီးဖိုချောင်ထဲမှာ ထမင်းထောင်း နဲ့ လိုက်ဖက်အောင် ဟင်းလျားတွေ အလုပ်ရှုပ်နေအောင် စီစဉ်နေတဲ့ အမျိုးသမီးပျိုမယ်လေးတွေကိုအရင်ဦးဆုံး တွေ့ခဲ့ရပါတယ်။

လယ်စောင့်နတ်ကို ပူဇော်ပသရန်အတွက် ပြင်ဆင်နေကြစဉ် (ဓါတ်ပုံ-ကေတီ)

လယ်စောင့်နတ်ကို ပူဇော်မည့်နေ့တွေမှာ ကယားလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအရ စပါးစာ ကျွေးမည့်အိမ်မှာ ရွာထဲက အမျိုးသားအမျိုးသမီး တွေကစုပေါင်းပြီး လာသမျှဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့ ရိုးရာအစားအစာတွေကို ၀ိုင်းဝန်းလုပ်ကိုင် ပြင်ဆင်ပေးနေကြတာ ဖြစ်ပါတယ်။

အိမ်သူအိမ်သားတွေက စပါးစာကျွေးဖို့ မသွားမီလိုအပ်တဲ့ ၀ါးတံတွေ သက်ကယ်မိုးတွေကို အဆင်သင့် ယူဆောင်သွား နိုင်အောင် ကြိုတင်ပြင်ဆင်ထားလို့ အိမ်ကို ရောက်လာတဲ့ ကျနော်တို့လို ရပ်ဝေးက ဧည်သည်တွေကို ရွာသူရွာသား မိတ်ဆွေအပေါင်းတို့က ကယားရိုးရာချက်လုပ် ထားတဲ့ ခေါင်ရည် နှင့်စောစောက စီစဉ်ထားတဲ့ ထမင်းထောင်းနဲ့ ကြက်သားကြော် အခြား အစားအစာများနဲ့ ဧည့်ခံကျွေးမွေးကြပါတယ်။

နေ့လည်နေ့ခင်းဘက် ရောက်လာတဲ့အချိန်မှာတော့ စပါးစာကျွေးမည့်အိမ်က အိမ်ထောင်ဦးစီးဖြစ်သူ လယ်ထဲကို သွားဖို့ပြင်ဆင်နေကြပါပြီ။ ပလိုင်းထဲမှာတော့ လယ်စောင့်နတ်ကိုပူဇော်ဖို့ အဆင်သင့်ပြုလုပ်ထားတဲ့ ၀ါးတံကလေး တွေ သက်ကယ်အမိုး နှစ်ခုကိုတြိဂံ ပုံသဏ္ဍာန် ပြုလုပ်ထားပြီး လိုအပ်တဲ့ အဆောင်အယောင် စားစရာတွေကိုပါ တပါး တည်း ထည့်ထားပါတယ်။

စပါးစာကျွေးဖို့ အတွက် နောက်ကနေလိုက်လာတဲ့ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ သမီးဖြစ်သျှားမာက “ဟိုးဘိုးဘွားတွေ လက်ထက်ကတည်းက ယုံကြည်ချက်တစ်ခုအနေနဲ့ စပါးတွေ အောင်ဖို့အတွက် စပါးတွေဘာတွေ စိုက်ပြီးပြီဆိုရင် စပါးစောင့်နတ်လယ်စောင့် နတ်တွေကို ကယားလိုဆို ပိုးမူပိုးဖယ် လို့ခေါ်တယ် အစာကျွေးတဲ့အနေနဲ့ လုပ်တယ် ကြက်နဲ့လုပ်တယ် လုံးဝမတတ်နိုင်တဲ့သူဆိုရင်လည်း ကြက်သေးသေးလေးတစ်ကောင် ယူသွားပြီးလယ်ထဲ မှာပူ ဇော်လိုက်တယ်” လို့ ပြောပြပါတယ် ။

လယ်ယာတွေ စိုက်ပျိုးပြီးလို့ မရိတ်သိမ်းမှီအချိန်မှာ စပါးအထွက်နှုန်းကောင်းအောင် လယ်ထဲမှာရှိတဲ့စပါးတွေ အလေအလွင့် မဖြစ်အောင် ပိုးမွှားအန္တရာယ်တွေ မကျရောက်အောင် စောင့်ရှောက်ပေးတဲ့ လယ်စောင့်နတ်ကို ရိုးရာအစဉ်အလာတိုင်း ပူဇော်ပသကြတာ ဖြစ်ပါတယ်။

အခုလို ယုံကြည်မှုတွေနဲ့ ပြုလုပ်ခဲ့တာဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာဖြစ်ပြီး မိမိတို့ပြုလုပ်တဲ့ လယ်ယာ တွေ နှစ်စဉ်နှစ်တိုင်း အောင်မြင်အောင် ယာမြေတွေကို စောင့်ရှောက်ပေးတဲ့ အတွက် ကိုးကွယ်ကာကျေးဇူးတုံ့ပြန် သောအားဖြင် နှစ်စဉ်စပါးမရိတ်သိမ်းမှီနှင့်ရိတ်သိမ်းပြီးအချိန် တစ်နှစ်ကို နှစ်ကြိမ် အခုလို လယ်စောင့်နတ်ကို ရိုးရာနဲ့ အညီပူဇော်ကြတာ ဖြစ်ပါတယ်။

လယ်စောင့်နတ်ကို ပူဇော်ဖို့အတွက် ကယားရိုးရာအိမ်ပုံစံ ငယ်တစ်ခုလယ်ထဲမှာ ဆောက်ပြီး ချက်ပြီးသား ကြက်သား ကြက်ရဲ့ အအူ၊ အသဲ တောင်ပံတစုံ၊ ထမင်းထောင်း ခေါင်ရည်၊ အရက်၊ ကွန်းသီး၊ ကွမ်းရွက်၊ ဆေးသေး စတဲ့ စားစရာတွေအပြင် မိမိတို့ စပါးမျိုးစေ့ပါ ထည့်၍ ပူဇော်ပသလေ့ ရှိကြပါတယ်။

ပူဇော်တဲ့သူက “လယ်စောင့်နတ်တွေ လာစားကြပါ လာချထားပေးတဲ့ အစားအစာတွေကို လာစားကြပါ ခြေထောက် မကောင်းခြေထောက် လက်မကောင်း လက်မသန်တဲ့သူတွေလည်း ထူပြီးထောင်ပြီး လာစားကြပါမျက်မမြင်တဲ့သူ တွေလည်း ဖေးမပြီးမှ အတူတကွလာစားကြပါ ၀ိုင်းစားကြပါ” လို့ ရွတ်ဖက်ကာ ပူဇော်သွားပါတယ်။

စပါးစောင့်နတ် လယ်စောင့်နတ်တွေကို ပူဇော်ပသပြီးတဲ့ချိန်မှာ သီးသန့်ထုပ်လာတဲ့ ဖက်ထဲက အစားအစာတွေကို မိမိပိုင်တဲ့ လယ်ကွင်းအစပ်တွေမှာ ထားကြရပြီး သေဆုံးသွားကြတဲ့မိဘ ဘိုးဘွားတွေကိုပါ ကျွေးကြရတာဖြစ်တယ်လို့ သိရပါတယ်။

အားလုံးကိုပူဇော်ပြီးတဲ့ချိန်မှာ အိမ်မှာရောက်ရှိနေတဲ့ ဧည့်သည်တွေနဲ့ ရွာသူရွာသားတွေကို ရိုးရာအစားအစာနဲ့ ပြန်လည်ကျွေးမွေး ကြရတာဖြစ်ပြီး ဧည့်ခံပွဲလေးကို အောင်မြင်စွာနဲ့ ကျင်ပပြီးစီးခဲ့ကြပါတယ်။

ယခုလို လယ်စောင့်နတ်တွေကို စပါးစာကျွေးတဲ့ ပူဇော်ပသပွဲ ပြုလုပ်ပြီးသွားချိန်မှာတော့ လယ်စပါးအထွက်နှုန်း တိုးလာမှာဖြစ်တယ်လို့ ယုံကြည်မှုတွေ ဖြစ်လာကြပါတယ်။

လယ်စောင့်နတ်တွေကို ပူဇော်ပသပြီးသွားတဲ့ သျှားမာက “အခုလိုပူဇော်မှ စပါးတွေက ပိုကောင်းလာမယ်လို့ ခံစားတာ ပေါ့နော် စိတ်ထဲမှာအဲ့လိုမျိုးဖြစ်လို့ နှစ်တိုင်းမလုပ်ရလို့ရှိရင် စိတ်ထဲမှာတစ်ခုခုပဲ လိုနေသလို ကိုယ့်လယ်တွေမအောင် မြင် မှာ အဲ့လိုမျိုးစိုးတယ်ပေါ့နော် အဲ့ဒါ နှစ်တိုင်းမဖြစ်မနေလုပ်တယ်” လို့ ပြောသွားပါတယ်။

တိုင်းရင်းသားလူမျိုးများထဲမှ ကယားလူမျိုးစုတို့ရဲ့ ကိုယ်ပိုင်ရိုးရာ၊ ကိုးကွယ်ယုံကြည်မှု ထုံးတမ်းစဉ်လာတခုကိုယခုချိန် ထိ ထိန်းသိမ်းထားနိုင်ခြင်းဟာ လယ်ယာကို အမှီသဟဲ ပြုနေရတဲ့ ကယားလူမျိုးတွေအဖို့ ဂုဏ်ယူစရာတစ်ခုပဲ မဟုတ်ပါလား….။