ခေါင်းစဉ်မတူသော လက်နက်ကိုင်အဖွဲ့များ ဆက်လက်တွေ့ဆုံမည်

ခေါင်းစဉ်မတူသော လက်နက်ကိုင်အဖွဲ့များ ဆက်လက်တွေ့ဆုံမည်
by -
ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်စနစ်က တော်လှန်ရေးဆင်နွှဲခဲ့စဉ် နိုင်ငံရေး အယူအဆများကွဲပြားမှု ကြောင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေးမှ ခွဲထွက်ခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ယနေ့ ပြုပြင်ပြောင်းလဲရေး ကာလတွင်အချင်းချင်း ပြန်လည်သင့်မြတ်မှုရရှိရန် အောက်ခြေ တပ်ဗိုလ်တပ်မှူးများ ဆက်လက်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ကွဲများ  ကရင်နီတပ်မတော်ဆိုသည့် ခေါင်းစဉ်အောက်တွင် ပြန်လည်ပူးပေါင်းသွားရန် အစီအစဉ်ရှိကြောင်း ထုတ်ဖေါ်ပြောကြားခြင်းမရှိသော်လည်း ပြန်လှည်ရင်းနှီးမှု တည်ဆောက်ရန်အတွက် တပ်ဗိုလ်တပ်မှူးများအချင်းချင်း တွေ့ဆုံမှုများ ပြုလုပ်သွားရန် အရေးကြီးကြောင်း ဗိုလ်မှူးအယ်မွီးက ပြောသည်။

“ရှေ့ဆက်ပေ့ါနော်… ကျနော်တို့ အချင်းချင်း (ကရင်နီလက်နက်ကိုင်အဖွဲ့ကွဲများ) ညီညွတ်မှု တည်ဆောက်ပြီးမှ သာလျှှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” ဟု ကရင်နီတပ်မတော် အမှတ် (၁) တပ်ရင်းမှူး ဗိုလ်မှူးအယ်မွှီးက ပြောသည်။

လက်ရှိ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအမည်ခံ လက်နက်ကိုင်အဖွဲ့ကွဲများမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်တပ်ဦး (KNPLF ခေါ် ကလလတ)၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP ခေါ် နဂါးအဖွဲ့)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးတပ်ဦး (KNSO ခေါ် ကြယ်ဖြူ )  နှင့် ကရင်နီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP ခေါ် ကယောနီအဖွဲ့) စသည်တို့ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဗိုလ်တပ်မှူးများသည် ဖရူဆိုမြို့နယ် ကေကောကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ၆၅ နှစ်မြောက် ကရင်နီတပ်မတော်နေ့ အခမ်းအနားတွင် မျက်နှာချင်းဆိုင် တွေ့ဆုံ ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လက KNPP မှ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး ၁၈ လအကြာတွင် ကရင်နီတပ်မတော်မှ တပ်ဗိုလ်တပ်မှူးများနှင့် အပစ်ခတ်ရပ်အဖွဲ့အစည်းများမှ တပ်ဗိုလ်တပ်မှူးများ ပထမဦးဆုံးအကြိမ် မျက်နှာချင်း ဆုံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပြန်လှည်စုစည်းညီညွတ်ရန် လူထုအကြား ပူးတွဲလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု အမှတ် (၂) ခရိုင်၊ အမှတ် (၄) မြို့နယ်၏ အတွင်းရေးမှူး ဦးအားပိုက ပြောသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်မရေးထိုးခင်အချိန်ထိ KNPP သည် အစိုးရတပ်နှင့်အတူ ငြိမ်းချမ်းရေး ယူထားကြသည့် အဖွဲ့ခွဲများနှင့်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

ညီအစ်ကိုအဖွဲ့အချင်းချင်းအကြား လက်နက်ကိုင်တိုက်ခိုက်နေခဲ့ကြသည့် အကျိုးဆက်ကို ပြည်သူလူထုတို့ကသာ အဓိကခံကြရသည့်အတွက် ယခုကဲ့သို့ အချင်းချင်းပြန်လှည်တွေ့ဆုံ ပေါင်းစည်းရေးနှင့် စည်းလုံးညီညွတ်မှု တည် ဆောက်ရေးကို အပြောသက်သက်မဖြစ်စေလိုကြောင်း လွိုင်ကော်မြို့ခံ လူငယ်အမျိုးသမီးတဦးက ပြောသည်။

"သဘောထားမတူညီလို့ ကွဲပြားခဲ့ကြတဲ့ အဖွဲ့အစည်းတွေတကယ်ပဲ စည်းရုံးခြင်းနဲ့ ပြန်လည်ပေါင်းစည်းကြမယ် ဆိုရင် ကောင်းတာပေ့ါ။  ဒါပေမယ့် ပါးစပ်ကပဲ ပေါင်းစည်းမယ် စည်းလုံးမယ် ပြောပြီးတော့တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းနဲ့ မသွားဘူးဆိုရင်တော့ ဖြစ်လာသမျှ အကျိုးဆက်တွေ ပြည်သူတွေပဲ ခံစားရမယ်ပဲလေ"

က.လ.လ.တ အဖွဲ့သည်က KNPP မှ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ကြယ်ဖြူအဖွဲ့သည် KNPP မှ ၂၀၀၂ ခုနှစ်တွင် လည်းကောင်း ကယောနီအဖွဲ့ သည် ၁၉၉၉ ခုနှစ်တွင်လည်းကောင်း ခွဲထွက်ခဲ့ကြပြီး နဂါးအဖွဲ့တွင်မူ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်း ခဲ့သည်။