သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား/မှတ်ပုံ တင်ရှိသူ ၄ ပုံ ၁ ပုံခန့်သာ ရှိသေးကြောင်း ဒေသတွင်းရပ်မိရပ်ဖများက ပြောဆိုပါသည်။
“ကျနော်တို့ မိုင်းလားမှာ လူဦးရေ သိန်းကျော်တယ်။ အခုမှတ်ပုံတင်ရှိပြီးသား လူတွေက ၄ ပုံ ၁ ပုံလောက်ဘဲရှိ တယ်လေ။ မှတ်ပုံ တင်မှာလဲ ယာယီ ဖြစ်နေတုန်းဘဲ။ ယာယီဆိုတာကတော့ ဥပမာ သူများတွေက ၁၃/မယန (နိုင်) ဆိုရင် ကျနော်တို့က ၁၃/မယန (ယ) (နိုင်) ဆိုတာမျိုးပေါ့ ” ဟု ရပ်မိ ရပ်ဖ ဦးဆာမ်ထွန်းက ပြောပါသည်။
အထူးဒေသ ၄ နယ်မြေအတွင်း မိုင်းလားအာဏာပိုင်များက လူဦးရေစာရင်းကောက်ထားသော်လည်း တိကျသော စာရင်းမရသေးကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါ သည်။
“အရင်က မှတ်ပုံတင်လုပ်ဖို့ အိမ်ထောင်စုစာရင်း လုပ်ပေးဖူးတယ်။ ဒါပေမဲ့ မှတ်ပုံတင်လုပ်ပေးပြီးရင်အိမ်ထောင်စု စာရင်း ကို ဖျက်ဆီးပစ်လိုက်တာဘဲ။ အခုလည်း လဝက ဝန်ကြီး ဦးခင်ရီက လူဦးရေစာရင်းတွေ အသေအချာ ကောက်မယ်လို့ ပြောတယ်။ ၂၀၁၅ အတွက်တဲ့။ ဘယ်လိုအသေအချာ ကောက်မလဲတော့ မသိဘူး။ လူတွေက ဇဝေဇဝါဖြစ်နေတယ်။” ဟု ၎င်းကပြောပါသည်။
မိုင်းလားတပ်ဖွဲ့၏ တပ်မဟာ ၃၆၉ အခြေစိုက်ရာ ဆီလူးဒေသအား ၂၀၀၈ ဖွဲ့စည်းပုံတွင် အစိုးရထိန်းချုပ်သော မိုင်းယန်းလက်အောက်သို့လည်ကောင်း၊ မိုင်းလား တပ်ဖွဲ့ထိန်းချုပ်နယ်မြေမိုင်းယုနှင့် နမ့်ပန်းဒေသကိုလည်း မိုင်းယောင်းလက်အောက်သို့လည်းကောင်း အစိုးရက သတ်မှတ် ထားရှိခဲ့ပါသည်။
အလားတူ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထိန်းချုပ်ဒေသ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင်လည်း လူဦးရေစာရင်းကောက်ခံမည်ဖြစ်ရာ စစ်ရေးနည်းဖြင့် မစဉ်းစားကြရန် လိုအပ်ကြောင်း လဝက ဝန်ကြီး ဦးခင်ရီ က နိုင်ငံခြားသတင်းဌာနသို့ ပြောဖူးပါသည်။
ကမ္ဘာ့လူဦးရေတိုးပွါးမှုမှတ်တမ်းတင်ရန် မြန်မာနိုင်ငံလူဦးရေစစ်တမ်း သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် ၂၀၁၄ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တပြည်လုံးအနှံ့ကောက်ယူမည်ဖြစ် ကြောင်းအစိုးရကကြေငြာထားပါ သည်။