ကျောက်ဖြူတွင် လျှပ်စစ်မီး ၂၄ နာရီပေးပြီ

ကျောက်ဖြူတွင် လျှပ်စစ်မီး ၂၄ နာရီပေးပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် သဘာဝ ဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး စတင် ဖြန့်ဖြူး ပေးနေပြီ ဖြစ်သည်ဟု သတင်း ရရှိသည်။

“ ဒီလ ၁၄ ရက်နေ့ ညနေက စပေးပါတယ်။ အခုတော့ ၂၄ နာရီ မီးရနေပါပြီ” ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင် က ပြောသည်။

၁ ဒဿမ ၁ မီဂါ၀ပ် ထုတ်ယူနိုင်သော မီးစက်ကြီး (၃) လုံးဖြင့် ပါရမီ ကုမ္ပဏီက ဖြန့်ဖြူး ပေးနေကြောင်း သူက ဆိုသည်။

“ အစိုးရနဲ့ ပါရမီ ကုမ္ပဏီတို့က ၁၈ လ စာချုပ် ချုပ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီက တာဝန်ယူ ဖြန့်ဖြူးနေတာပါ” ဟု သူက ဆက်ဆိုသည်။

ကျောက်ဖြူတွင် ယခင်က လျှပ်စစ်မီးကို မြို့မီးလင်းရေး ကော်မီတီမှ ဖြန့်ဖြူးပေးခဲ့သော်လည်း မီတာခ တယူနစ်ကို ကျပ် ၅၀၀ ထိ ပေးခဲ့ရသည်ဟု ဆိုသည်။ ယင်းပြင် လျှပ်စစ်မီးကို ညနေ ၆ နာရီမှ ၁၁ နာရီထိသာ ရရှိခဲ့သည်ဟု သိရသည်။

အခုအခါ လျှပ်စစ်မီးကို  ၂၄ နာရီ ရရှိသည့် အပြင် အစိုးရ စျေးနှုန်းဖြင့် မီတာခ တယူနစ် ၃၅ ကျပ်၊ လုပ်ငန်းသုံး ရ၅ ကျပ် ကောက်ခံတော့မည်ဟု ဆိုသည်။

“ ၀မ်းသာတာပေါ့။ ကိုယ့်ဒေသမှာ ခုလို လျှပ်စစ်မီးရတော့ အရမ်းဝမ်းသာပါတယ်” ဟု ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း ပြောသည်။

စက်တင်္ဘာလ ၁၅ ရက်နေ့ နေ့လည်ကစပြီး ကျောက်ဖြူ အနီးရှိ ဂုံးရှိန်ကျေးရွာတွင် လျှပ်စစ်မီး စတင် ပေးဝေခဲ့သည် ဟု ဆိုသည်။

ယင်းအပြင် ဂတ်စ် ပိုက်လိုင်း ဖြတ်သန်းရာ နောက်ထပ် ရွာပေါင်း ၂၁ ရွာကိုလည်း လျှပ်စစ်မီး ဖြန့်ဝေ ပေးသွားမည်ဟု ဆိုသည်။

အစိုးရနှင့် ပါရမီ ကုမ္ပဏီတို့ ကန်ထရိုက် ၁၈ လအတွင်း ကာဘိုင်ဒါ မီးစက်ကြီးများကို နိုင်ငံတကာမှ မှာယူတင်သွင်းပြီး ရခိုင်ပြည်နယ် တစ်ခုလုံး မီးရရှိရေး အတွက် အစိုးရက စီစဉ် ဆောင်ရွက် နေသည်ဟု ကြားသိရကြောင်း ဦးသန္တာမောင်က ပြောဆိုသည်။

ယခုအခါ စစ်တွေ၊ မြောက်ဦး၊ မင်းပြား အပါအဝင် ကားလမ်းတလျှောက် ဘေးဝဲယာများတွင် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ပေးဝေရန် မီးတိုင်များကို စိုက်ထူနေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week