ရန်ကုန်တိုင်းအစိုးရက အသုံးစရိတ် ကျပ်သန်းခြောက်သောင်းခန့် လိုအပ်နေဟုဆို

ရန်ကုန်တိုင်းအစိုးရက အသုံးစရိတ် ကျပ်သန်းခြောက်သောင်းခန့် လိုအပ်နေဟုဆို
by -
မဇ္စျိမ

ရန်ကုန်တိုင်းအစိုးရလက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၉ ခုက ယခု ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံလောက်မှုမရှိ သဖြင့် အသုံးစရိတ်ငွေ ကျပ်သန်းပေါင်း ခြောက်သောင်းခန့်ချထားပေးပါရန် တိုင်းဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ်က စက်တင်ဘာ ၁၂ ရက်က တိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုသို့တောင်းခံသည့် အသုံးစရိတ်များအနက် သုဓမ္မာလမ်းနှင့် ဘုရင့်နောင်လမ်းနှစ်ခုကို ကွန်ကရိခင်းရန်နှင့် မြို့တွင်း၌ လူသွားစင်္ကြန်များ တည်ဆောက်ရန် ကျပ်သန်း ၅၀၀၀ သုံးရန် လျာထားကြောင်းတိုင်း ဘဏ္ဍာရေး ၀န်ကြီး၏ တင်ပြချက် တွင်ပါရှိသည်။

တိုင်းအစိုးရ ထိုသို့တောင်းခံလာမှုကို လွှတ်တော်ကချထားပေးမည်၊ မပေးမည်ကို မဆုံးဖြတ်ရသေးဘဲ အမတ်များက လာမည့် စက်တင်ဘာ ၁၈ ရက်တွင် ဆွေးနွေးပြီးမှ အပြီးသတ်ဆုံးဖြတ်မည်ဖြစ်သည်။

တိုင်းအစိုးရတောင်းထားသည့် သန်းငါးထောင်နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ  သင်္ဃန်းကျွန်း မဲဆန္ဒနယ်၏ တိုင်းအမတ် ဒေါ်စန်းစန်းမြင့်က “ပြည်သူလူထုအတွက် တကယ် အသုံးချရင်တော့ လက်ခံပေးလို့ ရပါတယ်။ အကျိုးမရှိဘဲနဲ့ လိုငွေတွေပဲတောင်းနေမယ်ဆိုရင်တော့ လက်ခံပေးစရာမရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ယင်းအသုံးစရိတ်များကို “လွှတ်တော်အစည်းအဝေး ပြုလုပ်သည့်အချိန်မှသာ အမတ်များသို့ ဖြန့်ဝေပေးသည့် အတွက် ဗြုန်းစားကြီးဆိုတော့ လေ့လာဖို့အချိန်မရတော့ဘူးလေ” ဟုလည်း သူမက မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းအစိုးရလက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၉ ခုက အသုံးပြုရန် တောင်းခံထားသည့် အသုံးစရိတ် ငွေမှာ စုစုပေါင်းကျပ်သန်းပေါင်း ခြောက်သောင်းခန့်ဖြစ်ပြီး ထိုကိစ္စကို ယခုလ ၁၈ ရက်၌ တိုင်းလွှတ်တော်တွင် ဆွေးနွေးမည် ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။