ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်၊ ပယ်ဖျက်သင့်သည်ဟု ယူဆသောအချက်များ ကျားဖြူပါတီထုတ်ပြန်

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်၊ ပယ်ဖျက်သင့်သည်ဟု ယူဆသောအချက်များ ကျားဖြူပါတီထုတ်ပြန်
by -
မဇ္စျိမ

ကျားဖြူပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၀၀ ကျော်တို့ကို ခြံုငုံသုံးသပ်သည့် အစည်းအဝေးအပြီးတွင် ၄င်းပါတီက ပယ်ဖျက်၊ ပြင်ဆင်ထားသည့်အချက်များကို ထုတ်ပြန်လိုက်ပြီးလွှတ်တော်ရှိ ၂၀၀၈ ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးကော်မတီသို့ တင်ပြမည်ဖြစ်သည်။

ထိုသို့ပြင်ဆင်သည့် အချက်များတွင် ဗဟိုချုပ်ကိုင်မှုစနစ်အား ဖြေလျှော့ရန်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်များ ဘတ်ဂျက်ငွေကို ၅၀ ရာခိုင်နှုန်းစီခွဲဝေရန်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအား တိုင်းရင်းသား ရေးရာဝန်ကြီးဌာနနှင့် အစားထိုးရန်၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုအား ပြည်နယ် ၁၄ ခုအဖြစ်ပြောင်းလဲ သတ်မှတ်ရန်၊ အမျိုးသားလွှတ်တော် တွင် တိုင်းနှင့် ပြည်နယ်များကအမတ် ၁၂ ဦးစီရွေးချယ်သည့်အစားပြည်နယ်များအတွက် ၁၈ ဦးစီ ရွေးချယ်ပေး ရန် စသည့်အချက်များပါ၀င်သည်ဟု ကျားဖြူပါတီမှ လဲချားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က မဇ္ဈိမကိုပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၈) ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ပုဒ်မ ၂၀၀ ကျော်ကို ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၀ ကိုပယ်ဖျက်ရန်လည်း အစည်းအဝေး၌ သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ထိုပုဒ်မအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရအဖွဲ့ရုံးများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ ထားရှိရသည်။

ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ၀န်ကြီးချုပ်နှင့် ၀န်ကြီးရုံးများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တွဲထားသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်ကို ရောက်နေခြင်းကြောင့် လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် လွတ်လပ်မှုမရှိသည့်အတွက် ထိုပုဒ်မကို ဖြုတ်လိုခြင်းဖြစ်ကြောင်း ဦးစိုင်းမောင်တင်ကပြောသည်။

“ဥပမာပြောရရင် ရှမ်းပြည်နယ်အစိုးရက လုပ်ရမယ့်ကိစ္စကို ထွေအုပ်က ၀င်စွက်ဖက်တယ်။ ပြည်ထဲရေးက ၀န်ကြီးချုပ်၊ ၀န်ကြီးတွေရဲ့အာဏာကို ခွဲယူသွားတဲ့ သဘောပေါ့” ဟု ၎င်းကဆိုသည်။

ထိုသို့ပယ်ဖျက်၊ ပြင်ဆင်သည့်အချက်များကို ကျားဖြူပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ မဲဆန္ဒနယ်များ တွင် ပြန်လည်ရှင်းပြပြီး ပြည်သူထံမှဝေဖန်၊ သုံးသပ်မှုများကို ပါတီရုံးချုပ်သို့ ပြန်လည်တင်ပြ ရမည်ဖြစ်သည်။

ထိုအချက်များအားလုံးကို လွှတ်တော်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီသို့ ပြန်လည်တင်ပြမည် ဖြစ်သော်လည်း မည်ကဲ့သို့ တင်ပြမည်ကိုမူ မသိရှိသေးကြောင်း ဦးစိုင်းမောင်တင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အစီရင်ခံစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်းကာနို၀င်ဘာလတွင် ထုတ်ပြန်မည် ဖြစ်သည်။

အလားတူပင် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ကလည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲမှုကို အောက်တိုဘာ လအတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။

Most read this week