စက်တင်ဘာလ ၂၁ ရက်၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြင့်မားလာရေး လှုံ့ဆော်ပေးသည့် အခမ်းအနားကို ဖျော်ဖြေပွဲ အစီအစဉ်များဖြင့် ကျင်းပ ပြုလုပ် သွားရန် ရှိကြောင်း ပွဲစီစဉ်သူ များထံမှ သိရှိရသည်။
“ပန်းရဲ့လမ်း အဖွဲ့က လှည့်လည် ဖျော်ဖြေတာ ရှိမယ်၊ ငြိမ်းချမ်းရေး စတစ်ကာ၊ ပိုစတာတွေ ဝေဖို့ ရှိတယ်၊ လူတိုင်း လူတိုင်းက ငြိမ်းချမ်းရေး အပေါ် အသိ စိတ်ဓါတ် တစ်ခုခု ခံစားနိုင်မယ့် ဟာလေးတွေ ဖန်တီး ထားတယ်၊ ကျနော်တို့ အဓိက တောင်းတာကတော့ Education For Peace ရယ် နောက်တစ်ခုက တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ်ရေးပေါ့” ဟု ၄င်း ငြိမ်းချမ်းရေး အခမ်းအနား ဖြစ်မြောက်ရေး ပွဲစီစဉ်သူ တွဲဖက် တာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။
မွန်ပြည်နယ် အတွက် ထိုငြိမ်းချမ်း ရေးနေ့ အကြို ဖျော်ဖြေမှု အစီအစဉ် များကို ရန်ကုန်မှ “ပန်းရဲ့လမ်း” အဖွဲ့မှ စက်တင်ဘာ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့ အထိ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ ကျိုက်မရော မြို့နယ် များတွင် ငြိမ်းချမ်းရေး တေးသီချင်းများ သီဆိုကာ လှည့်လည် ဖျော်ဖြေမည် ဖြစ်သည်။
လူစည်ကားရာ လမ်းဆုံ လမ်းခွ၊ လက်ဖက်ရည် ဆိုင်နှင့် အခြား နေရာ များ၌ ငြိမ်းချမ်ရေး သီချင်းများ သီဆိုခြင်း၊ ကဗျာ ရွတ်ဆိုခြင်း စသည်တို့ကိုဖျော်ဖြေ သွားမည် ဖြစ်ကြောင်း “ပန်းရဲ့လမ်း” အဖွဲ့မှ ပြောသည်။
ကိုရဲလွင်နှင့် ကိုသားထွေးတို့ ဦးဆောင်သည့် ဖျော်ဖြေရေး သမား (၁၅) ဦးခန့်ရှိ “ပန်းရဲ့လမ်း” အဖွဲ့သည် စက်တင်ဘာ (၁၆) ရက်နေ့ မော်လမြိုင်တွင် စတင် ဖျော်ဖြေမည် ဖြစ်ပါသည်။
ထို့ပြင် ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာ တင်ဆက်မှု၊ ပါဖောမန့်၊ ပြဇာတ်၊ အငြိမ့် များကိုလည်း တင်ဆက် ပေးသွားရန် ရှိနေပါသည်။
စက်တင်ဘာ (၂၁) ရက်နေ့တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ယင်းအပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနားကို နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီ အထိ ပြုလုပ် သွားရန် စီစဉ် ထားပါသည်။
၄င်းကို မွန်ပြည်နယ် အခြေစိုက် လှုပ်ရှား နေသည့် မွန်လူငယ် အဖွဲ့များ၊ လူမှု အဖွဲ့အစည်း အဖွဲ့များ၊ မွန်၊ ကရင်၊ ပအိုဝ့်၊ ဗမာ လူငယ် အဖွဲ့များ အပါအဝင် အခြား လူမှု အဖွဲ့ အစည်းများ (၁၆) ဖွဲ့မှ ပူးပေါင်း ပြုလုပ်မည်ဖြစ်ပြီး မွန်ပြည်နယ်၌ ဖွဲ့စည်း ထားသည့် အပစ်အခတ် စောင့်ကြည့် လေ့လာရေး ကော်မီတီလည်း ၄င်း ငြိမ်းချမ်ရေးနေ့ လှုပ်ရှားမှု အစီအစဉ်အား ပူးပေါင်း ပါဝင် သွားမည် ဖြစ်သည်။
အခြား စိတ်ပါဝင်စားသည့် တသီးပုဂ္ဂလ များလည်း ဆက်သွယ် ပါဝင် နိုင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မီတီ၏ နှိုးဆောက် ချက်၌ ပါရှိ ပါသည်။