ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) တွင် အစိုးရတပ်လှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်

ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) တွင် အစိုးရတပ်လှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသရှိ မုန်းဒိန်ပါ၊ မုန်းခေါင်နေရာတွင် ယနေ့နံနက် အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်ဖက်မှလှုပ်ရှားလာသော အစိုးရတပ်များသည် KIA  တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ရှိရာဖက်သို့ လှုပ်ရှားလာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ဖက်မှအတည်ပြုသည်။

တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်တွင်လည်း နံနက်ပိုင်းမှ ည ၆ နာရီထိ မဂျီကောင်ကဂျီမှ ဂျေခဖက်သို့လှုပ်ရှားလာသော အစိုးရတပ် ခမရ (၅၀၇) နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အစိုးရတပ်ဖက်မှ
 ကိုင်ထိပ်တောင်ကုန်းမှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်မှ KIA စစ်ဗိုလ် ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်ကြတာပိုများတယ်။ မနေ့ကမနက်ကနေ ဒီနေ့ နေ့လည်ထိ ဆက်တိုက်ဖြစ်နေတာပေါ့။ အခုက အစိုးရတပ်တွေ နေရာအနှံ့ စစ်အင်အားတွေတိုးချလာလို့ အဲလိုကနေ နယ်မြေတွင်းဝင်လာတော့ ပစ်ကြတာပါ။ ဒီနေ့ ၁၂ နာရီထိတော့ တော်တော်လေး ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်တယ်လို့ သိရတယ်။ ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုလို့မရသေးဘူး။”

နှစ်ဖက်တိုက်ပွဲများသည် ပြင်းထန်မှုရှိပြီး အစိုးရတပ်ဖက်မှ  စစ်ကြောင်းအလဲအလှယ်လုပ်သည်ဟု အကြောင်းပြချက် အမျိုးမျိုးပေးနေကြောင်းဆက်ဆိုသည်။

“သူတို့ဖက်က ကိုယ်နယ်မြေထဲဝင်လာတော့ KIA ဖက်ကပစ်တယ်။ အဲဒါကို အစိုးရဖက်ကတော့ လမ်းမှားလို့ပါ၊ စစ်ကြောင်းသစ် အလဲအလှယ်လုပ်တာ လမ်းမှားသွားကြတာဆိုပြီး ပြောတာပေါ့။ တကယ်တမ်း ပြောရရင် ကျွန်တော်တို့ရှေ့တန်းကအမြင်ကတော့ ဒီလိုနေရာတွေမှာတောင် လျှောက်သွားနေမှတော့ လမ်းမသိလို့ ပါ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ စစ်ရေးဖက်ကပဲကြည့်ကြည့်။ သိလျက်နဲ့ လာပြီး တိတ်တဆိတ် ၀င်အုပ်မယ့်သဘောပဲ။ နိုင်မယ့်အလားလာမရှိရင်တော့ လူထုကို ခေါင်းစဉ်တခု ပြန်တပ်ပြီး အကြောင်းပြတာမျိုးဖြစ်တယ်လို့ မြင်ပါတယ်။”

အဆိုပါ KIA တပ်မဟာ (၃) ဒေသသည် ဗန်းမော်ခရိုင် မိုးမောက်အခြေစိုက် ခမရ ၅၀၇၊ ခလရ ၂၄၁၊ ခလရ ၆၉ လှုပ်ရှားနယ်မြေများဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရတပ်များသည် တပ်မဟာ (၄) ဖက်တွင်လည်း ဂက်စ်ပိုက်လိုင်းလုံခြံုရေးဟု ပြောဆိုကာ ယမန်နေ့မှ ယနေ့ထိ ၁၀၀ ခန့်တိုးချထားကြောင်း သိရသည်။

ယခုလဆန်းပိုင်းမှစ၍ အစိုးရတပ်များသည် KIA တပ်ရှိရာ ရှမ်းပြည်မြောက်ပိုင်းဖက်တွင်သာမက ဗန်းမော်ခရိုင်၊ ပန်ဝါဒေသ၊ ပူတာအိုဒေသ၊ ဆဒုန်းဒေသ အသီးသီးတို့တွင် အင်အားဖြင့်လှုပ်ရှားနေကြောင်း KIA အရာရှိများ ပြောသည်။

ထို့ကြောင့် KIA ဖက်မှလည်း အစိုးရလှုပ်ရှားမှုများရှိသော်လည်း အစိုးရနယ်မြေဖက်သို့ဝင်ရောက်ခြင်းမပြုရန်နှင့် မိမိနယ်မြေတွင်းသာ သတိဖြင့်လုံခြုံရေးယူထားရန်ဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။

တဖက်တွင်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် နှစ်ဖက်ငြိမ်းချမ်းရေးအဖွဲ့ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးကာ ညှိနှိုင်းဆောင်ရွက်နေသည့် အချိန်လည်းဖြစ်သည်။

Most read this week