ချင်းပြည်နယ်တွင် မြေပြိုနိုင်မည့် နေရာတွင် မနေကြရန် ပြည်နယ်သစ်တောဝန်ကြီး ပြောဆို

ချင်းပြည်နယ်တွင် မြေပြိုနိုင်မည့် နေရာတွင် မနေကြရန် ပြည်နယ်သစ်တောဝန်ကြီး ပြောဆို
by -
မဇ္စျိမ

ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြတ်ရွေ့ကြောများကြောင့် အန္တရာယ်ရှိသည့်နေရာများတွင် နေထိုင်ခြင်းမပြုရန် ချင်းပြည်နယ်သစ်တောနှင့် သတ္တုတွင်းဝန်ကြီးက တားမြစ်လိုက်သည်။

ဖလမ်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ တည်ဆောက်ထားသည့် နေရာ၊ လိုင်ဇိုးရွာနှင့် ဇာလိုင်ရွာနှင့် ကျင်မွာလ်ရပ်ကွက်၊ ဘလိုင်ရပ်ကွက်များသည် ပြတ်ရွေ့ကြောင်းများကြောင့် မြေပြိုမှုအန္တရာယ်ရှိနိုင်သည်ဟု ဘူမိဗေဒ ပညာရှင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားပြီးနောက် ၀န်ကြီးက အခုကဲ့သို့ တားမြစ်လိုက်ခြင်း
ဖြစ်သည်။

“ဖလမ်းက အထကကျောင်းခွဲကို မြို့ပေါ်ကနေရာတွေကို ပြောင်းရွှေ့ဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်၊ မြေလွှာတွေ အက်နေတယ်။ အချိန်မရွေး အန္တရာယ်ရှိနိုင်တဲ့အတွက် နေထိုင်ဖို့လုံးဝခွင့်မပြုဘူး” ဟု ပြောသည်။

ဖလမ်းတွင် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများကြောင့် ဖလမ်းမြို့ပေါ်ရှိအနီးအနား ကျေးရွာများ ပြောင်းရွှေ့ရခြင်းများကို ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရသို့တင်ပြခဲ့ရာ သမ္မတ၏ ညွှန် ကြားချက်ဖြင့် ဘူဗိဗေဒပညာရှင်များ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြောင်းရွှေ့ထားသည့် ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုးရွာနှစ်ရွာတွင် အိမ်ထောင်စု ၁၃၀ ရှိပြီး လူဦးရေ ၆၁၅ ဦးရှိသည်။ ပြောင်းရွှေ့ရွာများရှိ နေအိမ်များပြန်လည်ထူထောင်နိုင်ရန် ပြည်နယ်အတွင်း အလှူငွေများ ထည့်ဝင်ရန် နှိုးဆော် ထားသည်။

ဖလမ်းမြို့နယ်၏ မြေပြိုမှု အနေအထား စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပြီး လက် ရှိတွင် ဟားခါးမြို့နယ်ကို ဆက်လက်စစ်ဆေး မှုများ ဆောင်ရွက်နေသည်ဟု ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ်္တုရှာဖွေရေးအဖွဲ့မှ ဘူမိ ဗေဒအရာရှိ ဒေါက်တာမြင့်စိုးကပြောသည်။

ဘူမိဗေဒ ပညာရှင်များသည် ပြည်နယ် အစိုးရ လိုက်လံပြသသည့် နေရာအချို့သာ စစ်ဆေးခဲ့ရပြီး ဖလမ်းမြို့နယ် အနှံ့ကို စစ် ဆေးနိုင်ခြင်း မရှိခဲ့ဘဲ ဖလမ်းတစ်မြို့နယ်လုံး အန်္တရာယ်ရှိသည်ဟု သူ့အနေနှင့် ယတိပြတ် မပြောနိုင် ကြောင်း ၎င်းကပြောသည်။

ဖလမ်းမြို့နယ်တွင် မြေပြိုမှုဖြစ်စဉ်မျိုးသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်ကတစ်ကြိမ်သာ ဖြစ်ပေါ် ခဲ့ဖူးသည်။

ဘူမိဗေဒအရာရှိ ဒေါက်တာမြင့်စိုးက “နာဂတောင်တန်းနှင့် အာသံပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုများကို ဖြစ်ပေါ် စေတဲ့ ပြတ်ရွှေ့ကြောင်းအမျိုးအစားကို ဖလမ်းမြို့နယ်မှာ တွေ့ရတယ်” ဟု ပြောသည်။

ဖလမ်းတွင် ပြတ်ရွှေ့ကြောင်းများက အပြိုင်လိုဖြစ်ပေါ်နေပြီး လူဦးရေထူထပ်လာသောကြောင့် မတ်စောက်သည့် တောင်ကမ်းပါးယံများနှင့် လျှိုများထဲတွင် လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်း များပြားလာ သည်ဟုလည်း ဒေါက်တာမြင့်စိုးကပြောသည်။

၎င်းက “မိုးကြီးတဲ့ အချိန်မှာတောင် ကမ်းပါးတွေ အချိန်မရွေးပြိုကျနိုင်ပါတယ်” ဟု ပြောသည်။

မြေပြိုနိုင်သဖြင့် အန္တရာယ်ရှိသည်ဟု ဘူမိဗေဒပညာရှင်အဖွဲ့က ညွှန်ကြားထားသည့် ဖလမ်းအထက ကျောင်းခွဲတွင် မပြောင်းရွှေ့လိုသဖြင့် ကျောင်းအတွင်း အငြင်းပွားမှုများလည်းရှိနေသည်။

Most read this week