မြန်မာဘက်မှ မော်တော်ဆိုင်ကယ်များအား တရုတ်ယာဉ်ထိန်းရဲများက ဖမ်းဆီးငွေညှစ်

မြန်မာဘက်မှ မော်တော်ဆိုင်ကယ်များအား တရုတ်ယာဉ်ထိန်းရဲများက ဖမ်းဆီးငွေညှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့ အသွား ကားလမ်းမ တလျှောက်တွင် တရုတ်ယာဉ်ထိန်းရဲများက မော်တော်ဆိုင်ကယ်များ ဖမ်းဆီးပြီး ဒဏ်ငွေပေး ဆောင်ခိုင်း ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“တရုတ်ယာဉ်ထိန်းရဲ တွေက ကျနော်တို့ဒီဘက်ခြမ်းက (မြန်မာဘက်က)ဆိုင်ကယ်တွေကို လိုင်စင်ရှိရှိ မရှိရှိ ဖမ်းတယ်။ ပြီးရင် မြန်မာငွေ ၈ သောင်းကျပ်နဲ့ညီတဲ့ တရုတ် (ယွမ် ၅၀၀) ဒဏ်ငွေ ပေးဆောင်ခိုင်း တယ် ဗျ၊ မပေးဆောင်ရင် ဆိုင်ကယ် သိမ်းပြီး သံရည်ကျို စက်ရုံကိုပို့တော့တာ” တရုတ်ပြည်ဘက်ခြမ်း က ရွှေလီဘက်ခြမ်းသို့ ဆိုင်ကယ်ဖြင့်စျေးပတ် လာရောင်းသည့် စိုင်းပီးက ပြော သည်။

“အဒါက မတရားဘူးဗျာ၊ကျနော်တို့ မြန်မာပြည်ခြမ်းမှာတော့ တရုတ် နံပါတ်ပြား တပ်ပြီး မောင်းနှင် ပြေး ဆွဲနေ တဲ့ ကားတွေမော်တော်ဆိုင်ကယ်တွေကို မြန်မာယာဉ်ထိန်းရဲတွေက ဘယ်အခါမှ ဖမ်းဆီး ငွေညှစ် တာ မတွေ့ဖူး မကြားဖူးပါဘူး”ဟု ၎င်းကဆက်ပြောသည်။

တရုတ်ပြည်ဘက်ခြမ်းက ဆိုင်ကယ်လိုက်ဖမ်းမှုကြောင့် စျေးပတ်လိုက်မရောင်းရတာ တစ်ပတ် ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ်ယာဉ်ထိန်းရဲများ ဆိုင်ကယ် ဖမ်းဆီးမှုသည် နှစ်စဉ် နှစ်တိုင်း တရုတ်မုန့်စား ပွဲ မတိုင်မှီ တွင်ပြုလုပ်ကြောင်း၊ သို့ရာတွင် ယခုနှစ်တွင်မူ ဒဏ် ငွေ အဆမတန်ပိုတောင်း ထားကြောင်း ၄င်းကဆိုသည်။

“ ကျနော်တို့မြန်မာပြည်ဘက် ကုန်တင်ကားတွေ တရုတ်ပြည်ရွှေလီမြို့အထိ ကုန်တင်ပြေးဆွဲ မယ်ဆိုရင် တရုတ်ယာဉ်ထိန်းရဲတွေကို တရုတ်ယွမ် (၃ သောင်းမှ ၅သောင်းအထိ) မြန်မာငွေကျပ် သိန်းရှစ်ဆယ် အရင်ဆုံး အပေါင် ထားရတာ ၊ ဒါ့အပြင် ကျသင့်တဲ့အခွန်တွေလဲထပ်ပြီး ပေးဆောင်ရတယ်။ ကျနော် တို့ မြန်မာယာဉ် မောင်းလိုင်စင် ကို လည်း တရုတ်ယာဉ်မောင်းလိုင်စင်ဖြစ်အောင် ဘာသာပြန်ခ တရုတ်ယွမ် ထောင် ဂဏန်း အထိပေးဆောင်ရတယ် ” ဟု ခြောက်ဘီးကုန်တင်ကားသမား စိုင်းလှ မောင် ကပြောသည်။

မြန်မာဘက်ခြမ်းသို့ တရုတ်နိုင်ငံသားပိုင် တရုတ်လိုင်စင်ရှိ ကားနှင့်လိုင်စင်မဲ့ကုန်တင်ကားများသည် တာဝန်ကျ သော ကူးတို့ဆိပ် စောင့် မြန်မာလုံခြုံရေး ရဲ များကို ကားတစ်စီးလျှင် ကျပ်တစ်ထောင်မှ ငါးထောင်ကျပ်အထိ ပေးဆောင်ပြီးပါက စိတ်ကြိုက်မောင်းနှင်ပြေးဆွဲနိုင်ကြောင်း ၄င်းကဆိုသည်။

တရုတ်ကုန်တင်ကားများ အများအပြား ၀င် ရောက်ပြေးဆွဲနေ မှု ကြောင့်နမ့်ခမ်း-မူစယ် ကားလမ်းမ လည်း များစွာပျက်ဆီးနေပြီး သက်ဆိုင်ရာမှလည်း လာ ရောက်ပြုပြင် ပေး ခြင်းမရှိကြောင်း ဒေသတွင်းသတင်းမှ ကြားသိရသည်။

Most read this week