အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဟွားဝေလက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် တစ်ခု စက်တင်ဘာ ၈ ရက်ညက ဖောက်ထွင်းခံလိုက်ရသဖြင့် ကျပ်သိန်း ၁၈၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါ ဖုန်းဆိုင်မှာ ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမရှိ အမှတ် ၁၅၉၆ တွင် ဖွင့်လှစ်ထားသော ဆိုင် ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။
ဖုန်းဆိုင်ဖောက်ထွင်းခံရမှုကို စက်တင်ဘာ ၉ ရက် နံနက်တွင် ဆိုင်ဖွင့်ရန် လာရောက်သော ဆိုင်တာဝန်ခံ မသူဇာက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမက ဆိုင်အတွင်းသို့ သော့ဖွင့်၍ ၀င်ရောက်စဉ် ဆိိုင်နောက်ဖက် ပြူတင်း တံခါးများပွင့်နေပြီး ပစ္စည်းများပျံ့ကျဲနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆိုင်ရှိပစ္စည်းများကို စစ်ဆေးခဲ့ သည်ဟုလည်း ရဲစခန်းတွင် ထွက်ဆိုထားသည်။
စစ်ဆေးချက်အရ ဆိုင်နောက်ခန်း ဗီရိုအတွင်း ထည့်ထားသည့် ဟွားဝေနောက်ဆုံးပေါ် လက်ကိုင်ဖုန်းများ အပါအဝင် ဟန်းဆက် ၁၂၀ ကျော်၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ် ၆၀ ခန့်နှင့် ကျပ်ငါးထောင်တန် ငွေဖြည့် ကတ် ၆၆ ကတ်တို့ ခိုးယူခံရသည်ဟုဆိုသည်။
ထိုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ၁၈၄ သိန်းကျော်ရှိကြောင်း ဆိုင်တာဝန်ခံက ပျောက်ဆုံးစာရင်းနှင့် တကွ ရဲစခန်းတွင် ပေးပို့တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၉၇၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရ မိရေး အတွက် ရဲများကစုံစမ်းရှာဖွေလျက်ရှိပြီး ဖမ်းဆီးရမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
ဟာဝေးဖုန်းဟန်းဆက် အရောင်းပြခန်းများနှင့် ဟာဝေးနောက်ဆုံးပေါ်ဟန်းဆက် ဖုန်းအရောင်းဆိုင်များကို မြန်မာနိုင်ငံတွင် မေလအတွင်းက စတင်ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုလက်ကိုင်ဖုန်းများသည် ရောင်းအား ကောင်းသည်။