ဆော်ဒီနိုင်ငံရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး သမ္မတကြီးအား တောင်းဆို

ဆော်ဒီနိုင်ငံရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး သမ္မတကြီးအား တောင်းဆို
by -
နိရဥ္စရာ

 ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦး၏ ပြည်တော်ပြန်ရေးမှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဂရုဏာရှေ့ထား သနားမှသာ ပြည်တော်သို့ ပြန်နိုင်ကြတော့မည်ဟု ၄င်းတို့က ဆိုသည်။

၂ နှစ် နှင့် ၉ လတိုင်တိုင် ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) မရှိ၊ တစ်စုံတစ်ရာ အထောက်အထား စာရွက်စာတန်း မရှိဘဲ ဖမ်းဆီးခံရမည်ကို ကြောက်ကာ အိမ်ထဲတွင် ခိုအောင်းနေထိုင်နေကြသော ဆော်ဒီနိူုင်ငံရောက် မြန်မာ နိုင်ငံသား ၂၅ ဦးမှာ မိခင် မြန်မာနိုင်ငံသို့ အမြန် ပြန်လိုနေကြသော်လည်း ပြန်ခွင့်မရဘဲ ဖြစ်နေကြသည်ဟု အမည်မဖေါ်လိုသူ မြန်မာနိုင်ငံသား တစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပတ်စ်ပို့၊ သက်သေခံ စာရွက်စာတန်းတွေ အကုန်လုံးကို ဆော်ဒီ သူဌေးက သိမ်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ရေးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကနေ ဂရုဏာ ရှေ့ထားပြီး  ဆောင်ရွက်ပေးမှ ပြန်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဘယ်သူမှ လုပ်ပေးနိုင်ကြမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၅ ဦးသည် ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆော်ဒီအရေးဗီးယားနိုင်ငံသို့  အလုပ် လုပ်ရန် ရောက်ရှိလာခဲ့ပြီး ရောက်ပြီး နောက်တစ်နေ့တွင်
သူတို့ထံမှ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့အား အလုပ်ရှင် သူဌေးမှ သိမ်းယူသွားသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း သူတို့အား အလုပ် လုပ်ရန် စာချုပ်တွင် ပါသည့် အချက်အလက်အတိုင်း အလုပ် မခိုင်းစေဘဲ အန္တရာယ်များသည် သံထည် လုပ်ငန်းတွင် (၃) လတိတိ ခိုင်းစေသည်ဟု သိရသည်။

ထိုသို့ ခိုင်းစေရာတွင်လည်း လုပ်ခ လစာ တစ်ပြားတစ်ချပ်မှ မပေးဘဲ အလုပ်ခိုင်းစေသဖြင့် သူတို့မှ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနကို တိုင်းတန်းရာမှ ပြဿနာ စဖြစ်ပွားလာခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦးမှာ အလုပ်အကိုင် မရှိ ဖြစ်သွားကာ ဂျီဒက်ချ်မြို့တွင် ပုန်းအောင်းနေထိုင် နေကြရပြီး အသိမိတ်ဆွေ ရင်းနှီးသူများထံတွင် ကပ်ခိုပြီး
စားသောက်နေထိုင်နေကြရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အခု နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပါတယ်။ လက်ထဲမှာလည်း ဘာ အထောက်အထားမှ မရှိဘူး။ အပြင်ထွက်ရင်လည်း ရဲဖမ်းမှာကို ကြောက်နေရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ
မွတ်ဆလင်တွေနဲ့ ပြဿနာတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေက အရမ်းဆိုးသွား ပါတယ်။ တစ်နေ့မှ စိတ်ချမ်းသာတယ်လို့ မရှိပါ။ ကျွန်တော်တို့ ဘဝက အထူးဆိုးရွားနေပါတယ်။ ကျွန်တော်တို့ အိမ်က မိဘတွေဆိုရင်လည်း စိုးရိမ်ပြီး အထူး ပူပန် သောက ရောက်နေကြရပါတယ်” ဟု ၎င်း မြန်မာနိုင်ငံသားက ပြောသည်။

ဆော်ဒီရှိ မြန်မာ သံရုံး၊ မြန်မာနိုင်ငံ  အလုပ်သမား ၀န်ကြီးဌာန အပါအဝင် အလုပ်သမား အေဂျင့်သို့ စာရေး အကူအညီတောင်းခံသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ဖြေရှင်းခြင်း မရှိဟု သူက ပြောသည်။

“ သံရုံးက ပြောတာကတော့ နေပြည်တော်မှာ ရှိတဲ့ ၀န်ကြီးဌာန အဆင့်က ညွှန်ကြားချက် မလာရင် ဘာမှ ဆောင်ရွက်ပေးလို့ မရဘူးဆိုပြီး ပြောပါတယ်။ အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ပြောပေမယ့် အခုက (၂) နှစ်နဲ့ ၉ လကို ရောက်နေပါပြီ။ ကျွန်တော်တို့ မပြန်နိုင်ဘဲ ဒုက္ခတွေကို ခံစားနေကြရပါတယ်” ဟု သူက ဆက်ဆိုသည်။

အင်္ဂလိပ်စကားနှင့် အူရဒူ စကားပြောတတ်သူ မြန်မာနိုင်ငံသား (၅) ယောက်က ဆော်ဒီ သူဌေးအား အရေးဆိုသော အခါလည်း သူဌေးဖြစ်သူမှ သူတို့အား ရဲလက်ထဲကို အပ်ပြီး ညှဉ်းပမ်းနှိပ်စက်မူများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

၎င်းပြင် ဆော်ဒီ သူဌေးမှ လူတစ်ဦးလျှင် ဆော်ဒီငွေ ၄၀၀၀ ပေးရင် ပြန်ပို့မည်ဟု ဆိုသဖြင့် အဆိုပါ ငွေ ၄၀၀၀ အား ပေးသွင်းသော်လည်း ငွေကို ယူပြီး ပြန်မပို့ဘဲထားသည်ဟု ဆိုသည်။

“ အခု ဆော်ဒီ သူဌေးက သူတို့နိုင်ငံသုံးငွေ  ရီယာဒ် သိန်း (၂၀) ဆက်တောင်းပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၅၀၀၀) ခန့်ရှိပါတယ်။ အဲဒီငွေကို ပေးရင် ပြန်ပို့မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့မှာ ဒီလောက်များတဲ့ ငွေကို ဘယ်ကရမှာ ပါလဲ။ သူက ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ ဆွေမျိုးတော်တယ်လို့ သိရပါတယ်။ ဒါကြောင့် မတရားသဖြင့် အနိုင်ကျင့်နေပေမယ့် ဘယ်သူမှ မပြောဝံ့ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်ရေးဟာ ဒီလို အခြေအနေတွေကြောင့်  နိုင်ငံတော် သမ္မတကြီးက လုပ်မှသာ ရမယ်လို့ပြောဆိုနေကြပါတယ်” ဟု ဆက်ပြောသည်။

သူတို့အနေဖြင့် နိုင်ငံတော် သမ္မတကြီးအား သူတို့ မြန်မာနိုင်ငံ ပြန်နိုင်ရေးကို ကူညီပေးရန် အနူးအညွှတ် မေတ္တာရပ်ခံပါကြောင်း နိရဥ္စရာမှ တဆင့် တင်ပြပေးရန် ပြောကြားသည်။

သူတို့ ၂၅ ဦးထဲတွင် ခရစ်ယာန် တစ်ဦး၊ မွတ်ဆလင် တစ်ဦးနှင့် ကျန်သူတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သိရသည်။

Most read this week