ကျေးရွာများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နေသော်လည်း ယခုအချိန်ထိ မီးမရနိုင်ကြသေး

ကျေးရွာများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နေသော်လည်း ယခုအချိန်ထိ မီးမရနိုင်ကြသေး

ကယား(ကရင်နီ) ပြည်နယ် မြို့နယ်တိုင်းရှိ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးအတွက် ကျပ်သန်းပေါင်း တသောင်းလေးထောင်ကျော် ကုန်ကျခံပြီး ဆောင်ရွက်သွာမည်ဟု ဆိုသော်လည်း ယခုအချိန်ထိ ကျေးရွာများ တွင် မီးမရရှိသေးကြောင်း သိရသည်။

ဘောလခဲမြို့နယ် ချီးကွဲ့ ကျေးရွာတွင် ယခုနှစ်စကပင် ပြုလုပ်သည့် (၁၀) ကီလိုဝပ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းသည် ယခုအချိန်ထိ မပြီးစီးနိုင်သေး၍ ဒေသခံပြည်သူများက လျှပ်စစ်မီး လိုအပ်နေပြီဖြစ်ကြောင်း ချိကွဲ့ရွာမှ ဒေသခံရွာသား တဦးက ပြောသည်။

၎င်းဒေသခံက “ကျနော်တို့ ရွာကို အစိုးရက ရေအားလျှပ်စစ် လာလုပ်ပေးတယ် ။ ကျနော်တို့ လည်းဝိုင်း လုပ်ပါတယ်။ ကျနော်တို့လည်း မီးလေးလင်းရင် ကျေနပ်ပါတယ်။ ခုကျွန်တော်တို့ကို ရေကန်ထပ်တူးလို့ ပြော တယ်လေ။ တောင်ယာချိန်ဆိုတော့ မအားသေးဘူး။ မီးမလင်းသေးဘဲနဲ့ ဘယ်သတင်းစာထဲလည်း မသိဘူး ချီးကွဲ့မှာ မီးလင်းနေပြီလို့ ပါလာတယ်လေ ။ တကယ်တော့ ခုထိမီးမလင်းသေးပါဘူး။ နိုင်ငံတော်က ကုန်ကျခံပြီး လုပ်ပေးတာ ပြည်သူအတွက် အကျိုးရှိအောင် လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ကျေးရွာများအားလုံး လျှပ်စစ်မီးရနိုင်ရေးအတွက် ကျပ်သန်းပေါင်း ၁၄၆၇၇.၇၅ ကုန်ကျခံပြီး ပြုလုပ်သွား မည်ဖြစ်ကြောင်း ကို ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက မတ်လ ၁၆ ရက် လွိုင်ကော်မြို့ မြို့တော်ခန်းမ တွင်း၌ လွိုင်ကော်ဒေသခံများနှင့် တွေ့ဆုံစဉ်မှာပြောကြား သွားခဲ့ပြီး ကျေးရွာများတွင် အသေးစား ရေအား လျှပ်စစ် စီမံကိန်းများ နှင့် ဆိုလာပြားများ တပ်ဆင်ပေးခဲ့ သေးသည်။ သို့သော်  ကျေးရွာများအားလုံးယနေ့ တိုင် လျှပ်စစ်မီးမရနိုင်သေးပဲ ဖြစ်နေကြသည်။

ချီးကွဲ့ကျေးရွာ လျှပ်စစ်မီး တည်ဆောက်ပေးသည့်နေရာတွင် ရေသိုလှောင်ကန်လိုအပ်ပြီး ယခုလက်ရှိ ပြုလုပ် ထားသည့်  ရေလှောင်ကန်မှာလည်း ရေယိုစိမ့်မှုရှိသည့်အတွက်   မီးအစမ်းထုတ်လွှတ်ရာတွင် နှစ်မိနစ်ခန့်သာ မီးရကြောင်း ဒေသခံများက ပြောသည်။
 
ယခုကဲ့သို့ ရေလှောင်ကန်သေး၍ ယိုစိမ့်နေသည့်အတွက် ရေလှောင်ကန်အကြီး ထပ်မံတည်ဆောက်ရန် အတွက် ဒေသခံပြည်သူများ လုပ်အားပေးရန် လိုအပ်နေသေးကြောင်း ဘောလခဲ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတင်ဝင်းရွှေက ပတ်မြန်မာ အကြီးအကဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအများအတွက် တွေ့ဆုံဆွေး နွေးခဲ့ချိန်တွင် ယခုလို ပြောကြားခဲ့သည်။

“ကျနော်တို့ ရွာမှာ မီးသွားသွယ်ပေးတယ်။ ဒါပေမယ့်သူတို့အရေးကြီးတာက နှမ်းခုတ်ဖို့ ဒီဘက်ကို သူတို့ မလှည့်နိုင်တော့ဘူး။ ဒီဟာကို ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စဆုံးလုပ်ပေးခဲ့ပေမယ့်လည်း ကျေရွာလူထုကနေပြီးတော့ဒေသဖွံ့ဖြိုးမှုအတွက် သူတို့ဘက်က လုပ်အားပေးမယ့် ဟာမျိုးတွေကျန်နေသေး တယ်”

တပြည်နယ်လုံးကျေးရွာ စုစုပေါင်း ၅၀၀ ကျော်ရှိသည့်အနက် ဓါတ်အားလိုင်းဖြင့်မီးရသည့်ရွာမှာ ၅၃ ရွာခန့်သာရှိပြီး ဒီဇယ်ဖြင့် မီးရသည့်ရသည့်ရွာမှာ ၄၉ ရွာသာ ရှိသေးကြောင်း သိရသည်။