အစိုးရနှင့် ညှိနှိုင်းမှု မပြေလည် ပါက WGEC လည်း လက်မှတ် ထိုးမည်မဟုတ် - RCSS ပြော

အစိုးရနှင့် ညှိနှိုင်းမှု မပြေလည် ပါက WGEC လည်း လက်မှတ် ထိုးမည်မဟုတ် - RCSS ပြော
by -
ရွှေဟင်္သာ

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)မှ နည်းပညာရှင် အဖွဲ့သည် လာမည့် စက်တင်ဘာ (၁၁) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟို အဖွဲ့ (MPC) နှင့် မူဘောင် ညှိနှိုင်းရန် ရှိသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်စီ (RCSS)မှ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းမိဏ်းက ဆိုပါသည်။

“ အစိုးရက တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် တောင်းဆိုနေတယ် မဟုတ်လား၊ ကျနော်တို့ကလည်း အခု သွားမဲ့ ခရီး စဉ်မှာ သူတို့နဲ့ မူဘောင် သွားညှိမယ်။ ဒါပေမဲ့ အဆင်မပြေဘူး ဆိုရင်တော့ ကျနော်တို့လည်း လက်မှတ် မထိုးဘူး” ဟုဆိုပါသည်။

WGEC ၏ နည်းပညာရှင် အဖွဲ့ ဖြစ်သော RCSS နှင့် KNU တို့သည် ၄င်းတို့ ချမှတ် ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်း ရန် ရှိပါသည်။ ယင်းညှိနှိုင်း
အဖွဲ့တွင် KNU ဖက်မှ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်တို့ ပါ၀င်သည်။

၄င်းတို့ တင်ပြ လိုသော တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် များသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ၏ မူဘောင်ပင် ဖြစ်ပါသည်။

၁။   တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက် များကို သဘောတူ ချမှတ်ရန်။

၂။(က)      ပြည်ထောင်စု အစိုးရ ကို်ယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များ၏ စုစည်း ထားသော ကိုယ်စားလှယ်များ အကြား တွေ့ဆုံ ဆွေးနွေး၍
“တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘော တူညီချက် ရရှိရန်။

(ခ)          ထိုသို့ဆွေးနွေးရာတွင် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် ဆွေးနွေးရန်။

(ဂ)          ထို့ပြင် ထိုသို့ ဆွေးနွေးစဉ်နှင့် သဘော တူညီချက်များကို အကောင်အထည် ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံ တကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ထားရှိရန်နှင့် သဘော တူညီချက် များကို
အများပြည်သူ သိရှိအောင် ပူးတွဲ ထုတ်ပြန်ရန်။

၃။   အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အကြား တွေ့ဆုံဆွေးနွေးပွဲမှ “တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင်သဘောထား” (The Framework of Political Dialogue) သဘော
တူညီချက် ရရှိပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် သော်လည်းကောင်း၊ လူမျိုး အလိုက် သော်လည်းကောင်း တိုင်း ရင်းသားတို့၏ ညီလာခံများ ကျင်းပပြီး  ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားရန်။

၄။   တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ အပါအဝင်
Civil Societies အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ် ပညာရှင်များ ပါဝင်သော တိုင်းရင်းသား လူမျိုးစုံ ညီလာခံ တခုကို ခေါ်ယူ ကျင်းပ သွားရန်။

၅။   တိုင်းရင်းသား အင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်း အရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အား စုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီ ပါဝင်ပြီး အင်အားစု သုံးစု
စလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ်ကျင်းပ သွားရန်။ ထိုညီလာခံ ကြီးမှ ချမှတ်သော သဘော တူညီချက်များကို “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ
 ပြည်ထောင်စု သဘောတူညီချက်” (Union Accord) အဖြစ် သဘောတူ လက်မှတ် ရေးထိုးရန်။

 ၆။   “တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်” (Union Accord) ကိုအချိန် အတိ အကျ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

ဤမူဘောင်ကို MPC အား တင်ပြဆွေးနွေးမည် ဖြစ်ပြီး ညှိနှိုင်းခြင်း အဆင်မပြေပါက အစိုးရ တောင်းဆိုသော တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကိုလည်း တက်ရောက်တော့ မည် မဟုတ်ဟု ဗိုလ်ကြီး စိုင်းမိဏ်းက ဆိုပါသည်။

အလားတူ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ကမူ အစိုးရ၏ တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်ရန် အစီစဉ်မရှိဟု ပြင်ပ ဆက်ဆံရေး ဒုတိယ တာဝန်ခံ
ဦးဆမ်ခွန်က ဆိုပါ သည်။

UNFC သည်လည်း တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်ရန် အစိုးရ အဖွဲ့၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်ဟု အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။

RCSS နှင့် KNU တို့၏ WGEC နည်းပညာရှင် အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့၌ အစိုးရ MPC နှင့် ညှိနှိုင်းခဲ့ပြီး သြဂုတ် (၃၁) ရက်နေ့တွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပါသည်။

Most read this week