အစိုးရ၊ ကုလသမဂ္ဂနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ ပူးပေါင်း၍ မူးယစ်တိုက်ဖျက်ရေး စီမံကိန်း လုပ်ဆောင်ရန် သဘောတူထားသည်မှာ တစ်နှစ်ခန့်ပင်ကြာမြင့်နေပြီဖြစ်သော်လည်း
လက်ရှိ အချိန်အထိ ထိုကိစ္စ အကောင်အထည်မပေါ်လာသေးကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလှ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာက လက်မှတ်ထိုးခဲ့သည့် ထိုစီမံချက်နှင့်ပတ်သက်၍ “အစကတော့ ပူးပေါင်း လုပ်ဖို့ပါပဲ။ ရှမ်းပြည်နယ်ထဲက သက်ဆိုင်တဲ့ မူးယစ်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့ ပြောပေမယ့်
အထက်က ခွင့်ပြုချက် မရသေးဘူးလို့ပဲ ပြောတယ်” ဟု ဦးစိုင်းလှကဆိုသည်။
လက်ရှိအချိန်တွင် RCSS/SSA ကသာ တစ်ပိုင်တစ်နိုင် မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ဆောင်နေရပြီး ၎င်းတို့နှင့် သဘောတူထားသော ကုလသမဂ္ဂမူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)နှင့်လည်း လက်ရှိအချိန်အထိ ပူးပေါင်းလုပ်ဆောင်မှု တစ်စုံတစ်ရာမရှိသေးကြောင်း သူကရှင်းပြသည်။
ရှမ်းတပ်အနေဖြင့် မိုးနဲ၊ မိုင်းပန်စသည့် မြို့နယ်များတွင် မူးယစ်ဆေးဆန့်ကျင်ရေး ဟောပြောခြင်း၊ ဘိန်းမစိုက်ရန် တားမြစ်ခြင်းနှင့် ဘိန်းရောင်းချမှုတားမြစ်ခြင်းများ လုပ်နေသော်လည်း ထိရောက်မှုမရှိဟု ဦးစိုင်းလှက ရှင်းပြသည်။
UNODC မှ အမျိုးသားအဆင့်လက်ထောက် သုတေသနညှိနှိုင်းရေးမှူး ကိုစိုင်းအောင်ကျော်ဝင်းက -“ပြီးခဲ့တဲ့လကပဲ အချက်အလက် သွားကောက်ပြီး ပြန်လာတုန်းပဲ ရှိသေး တယ်။ မကြာခင်တော့ လုပ်နိုင်မှာ ပါ။” ဟု မဇ္ဈိမကိုပြောသည်။
သို့သော် စီမံကိန်းသည်မည်သည့်အတွက် ကြန့်ကြာနေသည်နှင့် စတင်အကောင်အထည် ဖော်နိုင်မည့်အချိန် အတိအကျကိုမူ ၎င်းကမပြောခဲ့ပေ။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဟိုပုန်း၊ ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များမှ ဘိန်းခင်းများကို စက်တင်ဘာ ၄ ရက်မှစတင်၍ အစိုးရ၏စီမံချက်ဖြင့် ဖျက်ဆီးနေပြီဖြစ်ကြောင်း တောင်ကြီးမြို့နယ်မှ ရဲမှူးခင်မောင်လတ်က မဇ္ဈိမကိုပြောသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ်သလို တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု UNODC ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မှ ဘိန်းစိုက်ပျိုးသည့် မိသားစုသုံးသိန်းကျော်အနက်မှ သုံးပုံတစ်ပုံကို ဘိန်းစိုက်မှုလျှော့ချရေး ပထမ အဆင့် ဆောင်ရွက်ရန် RCSS/SSA ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် UNODC ၏ မြန်မာနိုင်ငံ တာဝန်ခံဂျေဆင်အီလိုင်း တို့ ပြီးခဲ့သည့်ဇွန်လက ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။