လျှပ်စစ်မီတာခ စျေးကြီး ကျောက်ဖြူရွာ ၂၃ ရွာစုပေါင်း တောင်းဆို

လျှပ်စစ်မီတာခ စျေးကြီး ကျောက်ဖြူရွာ ၂၃ ရွာစုပေါင်း တောင်းဆို
by -
မဇ္စျိမ

မြန်မာနှင့်တရုတ် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ နေ့စဉ် ဓာတ်ငွေ့ကုဗပေသန်း ၂၀ ကိုကျောက်ဖြူ မြို့ နယ် တွင် လျှပ်စစ်ဓာတ်အားပေးရန် အစိုးရကခွဲတမ်းပေးထားသော်လည်း လျှပ်စစ်ဖြန့်ဖြူး ရာတွင် ကျသင့်မည့် မီတာခမှာ စျေးကြီးနေသဖြင့် ဒေသခံများက အစိုးရကို စုပေါင်းတောင်းဆိုမည်ဟု  ပြောသည်။

လျှပ်စစ်သုံးစွဲခမှာ အိမ်သုံးမီတာ၏ တစ်ယူနစ်လျင်ကျပ် ၃၅ နှင့် စီးပွားရေးလုပ်ငန်းသုံးမီတာ တစ်ယူနစ်လျှင် ကျပ် ရ၅ နှုန်း ကောက်ခံမည်ဖြစ်သဖြင့် ထိုစျေးနှုန်းကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အစိုးရထံတောင်း ဆိုမည်ဟု ရွာ ၂၃ ရွာမှ ဒေသခံတစ်ထောင်ကျော်က စက်တင်ဘာ ၈ ရက်တွင် စည်းဝေးညှိနှိုင်းကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“လေးပေမီးချောင်း နှစ်ချောင်းထက်ပိုသုံးရင် ကွမ်းယာဆိုင်ပဲဖြစ်ဖြစ်၊ မုန့်တီဆိုင်ပဲဖြစ်ဖြစ် လုပ်ငန်းသုံး မီတာစျေးပေး ရမယ်လို့ ကြေညာထားတယ်။ ဒါကြောင့် ပါ၀ါမီတာသုံးစွဲတဲ့သူကိုပဲ ပါ၀ါမီတာစျေး ကောက်ဖို့ အစိုးရကို တင်ပြပါမယ်” ဟုလည်း ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းထွန်းနိုင်က မဇ္စျိမကိုပြောသည်။

ဒေသခံများသည် ပြည်နယ်အစိုးရ၊ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့၊ ပြည်ထောင်စုအဆင့် လျှပ်စစ်ဝန်ကြီး ဌာနတို့ထံ စက်တင်ဘာ ၉ ရက်တွင် တောင်းဆိုစာများပေးပို့မည်ဟု ၎င်းတို့ကဆိုသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီတာအလုံးပေါင်း ၃၈၀၀ တပ်ဆင်ထားပြီး ထပ်မံလျှောက်ထားသူ ၂၅၀၀ ခန့်ရှိကြောင်း၊ အသစ်လျှောက်ထားသူများကို စက်တင်ဘာ ၁၅ ရက်မတိုင်မီ အပြီး တပ်ဆင်ပေး မည်ဖြစ်ကြောင်း၊ မီတာတစ်လုံးလျှင် ကျပ် ၈၅၀၀၀ ကျော် ကျသင့်ကြောင်း အစိုးရ၏ သတင်းစာများတွင် ဖော်ပြထားသည်။

ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင် ၂၈ ရက်တွင် ဓာတ်ငွေ့များ တရားဝင် စတင်ပို့လွှတ်ခဲ့ရာ မြန်မာနိုင်ငံသည် ထိုပိုက်လိုင်းမှ ပို့လွှတ်သည့် ဓာတ်ငွေ့များအနက် နေ့စဉ် ကုဗပေသန်း ၁၀၀ ရရှိသည်။ ထိုဓာတ်ငွေ့များထဲမှ ကုဗပေသန်း ၂၀ ကို ကျောက်ဖြူ မြို့နယ် လျှပ်စစ်မီးလင်း ရေးအတွက် အစိုးရက ခွဲတမ်းပေးခဲ့သည်။

ထိုဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတလျှောက်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သောရွာ ၂၃ ရွာမှ ဒေသခံများသည် လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွ့ံ ဖြိုးရေးကို အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီးမှ ထိုရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သော်လည်း အခက်အခဲတချို့ ကျန်နေသေးခြင်းဖြစ်သည်။ လျှပ်စစ်မီးရရှိရေး ဒေသခံတို့ တောင်းဆိုစဉ်က ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို အာဏာပိုင်ကတရားစွဲထားသည်။

ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင်များ တည်ဆောက်မည်ဖြစ်ပြီး ယင်းသို့ဆောက် လုပ်ရန် နှစ်နှစ်ခန့်အချိန်ကြာမြင့်မည်ဖြစ်သည်။ အဆိုပါလျှပ်စစ်တာဘိုင်ပြီးစီးပါက အထူးစီးပွားရေး ဇုံများ၊ ရေနက်ဆိပ်ကမ်း များ အတွက်ပင် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မည်ဟု နိုင်ငံပိုင် သတင်းစာများတွင်ကြေညာထား သည်။