မြို့ (၆) မြို့တွင် ရ၄ နှစ်မြောက် အရှင် ဦးဥတ္တမနေ့ အခမ်းအနား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်

မြို့ (၆) မြို့တွင် ရ၄ နှစ်မြောက် အရှင် ဦးဥတ္တမနေ့ အခမ်းအနား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်
by -
နိရဥ္စရာ

စက်တင်္ဘာလ ၉ ရက်နေ့တွင်  ကျရောက်မည့် (၇၄)  နှစ်မြောက် ဆရာတော် အရှင် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်းတို့တွင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့တွင် ဆရာတော် အရှင် ဦးဥတ္တမနေ့ကိ်ု  MCC (မြန်မာ ကွန်ဗင်းရှင်း စင်တာ) တွင်  ကျင်းပသွားမည် ဖြစ်ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင်အမျိုးသား ခေါင်းဆောင်များသာမက မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များ ဖြစ်ကြသည့်  အရှင် ၀ီရသူ၊ ရွှေညဝါ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် သံရုံး ၂၄ ရုံးမှ  သံတမန်များလည်း တက်ရောက်ကြမည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားပုံကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ယခုလို ပြောသည်။

“ ကျွန်တော်တို့က ဒီနှစ် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို MCC ခန်းမမှာ တခမ်းတနား ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ်ကို ရေးဆွဲနေပါတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် အခြား လူမူ အဖွဲ့အစည်းများမှ ပူပေါင်း ကျင်းပရန် စီစဉ်နေပြီး လူပေါင်း ၃၀၀ မှ ဆရာတော် ဦးဥတ္တမ ရုပ်ထုအား ချီတက် ဂါရဝပြုရန် တောင်းဆိုရာ သက်ဆိုင်ရာမှ ၁၅၀ သာခွင့်ပြုကြောင်း သိရသည်။

စစ်တွေမြို့တွင် ဆရာတော် ဦးဥတ္တမနေ့  ကျင်းပရန် စီစဉ်ထားပုံကို  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်  ကိုခိုင်ကောင်းစံက ယခုလို ပြောသည်။

“ ကျွန်တော်တို့ RNDP ပါတီ ဗဟိုနဲ့ မြို့နယ်တို့က  ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ နေ့ခင်းဘက် ၂ နာရီမှာ ရွှေစေတီကျောင်းမှာ ဟောပြောပွဲလုပ်ပါမယ်။ ဦးထွန်းအောင်ရွှေတို့တက် ရောက် ဟောပြောမှာ ဖြစ်ပါတယ်။ နေ့လယ် ၃ နာရီမှာ ၀င်္ကာဘာကွင်းမှာ စုဆုံပြီး ဆရာတော် ဦးဥတ္တမ ပန်းခြံကို ချီတက်ပြီး ဂါရဝပြု လွမ်းသူ ပန်းခွေချမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မင်းပြားမြို့တွင်လည်း ပဟေဋိပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ကျဘမ်းစကား ပြိုင်ပွဲ၊ ကဗျာ ပြိုင်ပွဲများကို ပြုလုပ်သွားမည်ဟု ဦးဆောင် ကျင်းပရာတွင် ပါ၀င်သူ မင်းပြားမြို့မှ သခင်ချိုမှ ပြောသည်။

“ ပြိုင်ပွဲတွေ အပါအဝင် ဆရာတော်ကြီး သုံးပါးကို ပင့်ဖိတ်ပြီး ဆွမ်းကျွေးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေက စုပေါင်းပြီး ဟောပြောပွဲတွေ ပြုလုပ်မှာ ဖြစ်သလို လွမ်းသူ့ ပန်းခွေတွေချပြီး ဂုဏ်ပြုဖို့လည်း စီစဉ်ထားပါတယ်” ဟု ဆိုသည်။

မြောက်ဦးတွင် ကျင်းပရန် စီစဉ်ထားပုံကို  လူမူရေး တက်ကြွလူပ်ရှားသူ ကိုမင်းဏီက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ မြောက်ဦးမှာလည်း ရ၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို RNDP ပါတီ၊ ရခိုင်လူမူကွန်ယက်၊ မြောက်ဦးနာရေး အသင်းနဲ့ တခြား အဖွဲ့အစည်းတွေ စုပေါင်းပြီး တပေါင်းတည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။  အခမ်းအနားကိုတော့ လောကမာန်အောင်မှာ ကျင်းပသွားမှာ ဖြစ်ပြီး လွမ်းသူ့ပန်းခွေကိုတော့ ဆရာတော် ဦးဥတ္တမ ပန်းခြံ ပြုလုပ်မယ့် အနော်မာ ပန်းခြံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တစ်မြို့လုံး ပါ၀င်ဆင်နွှဲကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ရသေ့တောင်မှာ ကျင်းပဖို့ စီစဉ်ထားပုံကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ရသေ့တောင်မြို့နယ် ဥက္ကဌ ဦးလှမြင့်က ယခုလို ပြောသည်။

“ ခါတိုင်းနှစ်တွေထက် စည်ကားအောင် စီစဉ်ထားပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ အပြင် မြို့လုံးကျွတ် ရဟန်းတော်တွေကို ဆွမ်းလောင်းလှူပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဟောပြောပွဲကိုတော့ အလိုတော်ပြည့်ကျောင်း ဓမ္မာရုံမှာ ကျင်းပသွားမှာ ဖြစ်ပြီး စစ်တွေက ဆရာမ ပံသုခင်၊ ဆရာသားလှ (ရသေ့တောင်)တို့ကို ဖိတ်ကြားထားပြီး ဟောပြောသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပုဏ္ဍားကျွန်းမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် အတွင်းရေးမှူး ဦးမောင်နှောင်းက ပြောသည်။

“ စာစီစာကုံးနဲ့ ကဗျာ ပြိုင်ပွဲ အပါအဝင် အရှနေဝန်းပုံရိပ်နှင့် လူငယ် အတွေး ခေါင်းစဉ်နဲ့ ဟောပြောသွားမှာ ဖြစ်ပါတယ်။ လူပေါင်း ၅၀၀ ဖိတ်ကြားထားပါတယ်။ မြို့ပေါ်ကသာမက နယ်တွေက လူတွေကိုလည်း ဖိတ်ကြားထားပါတယ်” ဟု ဆိုသည်။

(၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို တခြားမြို့များ အပြင်  တောင်ကုတ်မြို့နယ် ရွာမ ကျေးရွာတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Most read this week