မတရားအသင်းဆက်သွယ်မှုစွဲချက်ဖြင့် အကျဉ်းကျနေသူများကို ဦးစားပေးလွှတ်ပေးရန် နိုင်/ကျဉ်းအဖွဲ့ စီစဉ်နေ

မတရားအသင်းဆက်သွယ်မှုစွဲချက်ဖြင့် အကျဉ်းကျနေသူများကို ဦးစားပေးလွှတ်ပေးရန် နိုင်/ကျဉ်းအဖွဲ့ စီစဉ်နေ
by -
မဇ္စျိမ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် စိစစ်ပြုစုနေသည့် နောက်ဆုံးစာရင်းများထဲမှ မတရားအသင်းနှင့် ဆက်သွယ်မှု စွဲချက်ဖြင့် အကျဉ်းကျနေသူများကို ဦးစားပေးလွှတ်ပေးနိုင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က ပြောဆိုလိုက်သည်။

နိုင်/ကျဉ်းအဖွဲ့က နောက်ဆုံးပြုစုထားသည့် စာရင်းများအရ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၂၂ ဦးကျန်ရှိ နေသေးပြီး ယင်းအထဲမှ အများဆုံးမှာ မတရားသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) စွဲချက်ဖြင့် အကျဉ်းကျနေ သူမှာ အများဆုံးဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့် ပုဒ်မများဖြင့် စွဲချက်တင်သူများကို နောက်ပိုင်းမှသာ ဆက်လက်ဆွေးနွေးသွားမည်ဟု အစိုးရ ဘက်မှ ပြောဆိုထားကြောင်း နိုင်/ကျဉ်းအဖွဲ့က ဆိုထားသည်။

“အဲ့ဒီ ၁၇ (၁) တွေကို အရင်ဦးစားပေး လွှတ်ပေးမယ်ဆိုတာ သူတို့ (အစိုးရ) ဘက်ကပြောတာ။ ကျွန်တော်တို့ ကတော့ အကုန်လုံးကိုတင်ပြတာပဲ။ ကျန်ပုဒ်မတွေကို ရှေ့တန်းမတင်ခိုင်းသေးတာ။ နိုင်ငံရေးပုဒ်မ ဖြစ်တဲ့ ၁၇ (၁) ကို လက်ကျန်မရှိအောင် ရှင်းချင်တဲ့သဘောရှိတယ်” ဟု နိုင်/ကျဉ်းအဖွဲ့မှ ကိုသက်ဦးက မဇ္ဈိမကိုပြော သည်။

တရားမဝင်ဆန္ဒပြမှုပုဒ်မ ၁၈၊ နှင့် ဆူပူအုံကြွအောင် လှုံ့ဆော်မှုကြောင့် အကျဉ်းကျနေသူများကို နိုင်/ကျဉ်း ဘက်မှ အစိုးရနှင့် တွေ့ဆုံစဉ်တင်ပြမှုများရှိခဲ့သော်လည်း ခေတ္တ ဆိုင်းငံ့ထားသည့် သဘောတွင်ရှိနေကြောင်း၊ အကယ်၍ လွှတ်မည်ဆိုပါကလည်း ဦးစားပေးအနေနှင့် မဖြစ်နိုင်ကြောင်း အစိုးရဘက် မှပြောဆို ခဲ့သည်ဟု နိုင်/ကျဉ်း အဖွဲ့က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများစာရင်းကို သြဂုတ် ၃၁ ရက် နောက်ဆုံးပြုစုထားပြီး လက်ရှိနိုင်ငံရေးနှင့် ပတ်သက် သည့်အမှု ရင်ဆိုင်နေရသူများပါ၀င်ပြီး ယခုလပိုင်းအတွင်း ဖမ်းဆီးခံရသူများ၊ အဖွဲ့အစည်းအသီးသီး မှ အကြောင်းကြားလာ သူများကိုလည်း နိုင်/ ကျဉ်းက ထည့်သွင်းထားသည်။

“နှစ်ကုန်မှာတော့ နိုင်/ကျဉ်းတွေ အကုန်လွှတ်ပေးမယ်ဆိုတာကို ယုံလို့တော့မရပါဘူး။ မယူဆထားဘူး။ ထင်လည်း မထင်ထားဘူး။ တချို့ကျွန်တော်တို့သတ်မှတ်ထား သူတွေကို သူတို့ဘက်က နိုင်/ကျဉ်းလို့ မသတ်မှတ်တာတွေရှိတယ်။ အဲ့လိုကွဲပြားမှုတွေ ဖြစ်နေတာရှိတယ်” ဟုကိုသက်ဦးက ဝေဖန်ပြောဆိုသည်။

ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၁၂၂ ဦးတွင် အင်းစိန်ထောင်နှင့် သာယာဝတီထောင်တွင် အများဆုံး ကျန်ရှိနေပြီး အခြားထောင်များတွင် အနည်းငယ်သာ ကျန်ရှိနေကာ စာရင်းတွင်မပါဘဲ ကျန်နေသူများ မရှိစေရန် စာရင်းများ ထပ်မံပြုလုပ်လျက်ရှိကြောင်း နိုင်/ကျဉ်းအဖွဲ့က ပြောသည်။