ယမာန်နေ့က ကျင်းပ ပြီးစီး သွာသော ကရင့် လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး ကော်မတီ၏ ဒုတိယ အကြိမ်မြောက် (၃) လ ပါတ် အစည်းအဝေးတွင် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးသည် အဓိက ဖြစ်သည် ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) မှ တင်ပြ ခဲ့သည်ဟု စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဆိုပါသည်။
“ အမျိုးသား ရင်ကြားစေ့ရေးမှ မရှိရင် တခြား ပူးတွဲ တယ်လို့ ပြောနေတဲ့ လုပ်ငန်း တွေဟာ အဓိပ္ပါယ် မရှိပါဘူး။ ဒီတော့ ရှိနေတဲ့ ပြသနာတွေကို ရှင်းရှင်း လင်းလင်းနဲ့ ဖြေရှင်းကြဖို့ အရင် လုပ်ရ ပါလိမ့်မယ်။ ပြီးမှ ပူးတွဲ အကောင် အထည် ဖေါ်သင့် တာတွေ လုပ်ကြတာပေါ့” ဟု ဆိုပါသည်။
ကရင့် လက်နက်ကိုင်စည်းလုံး ညီညွတ်ရေး ကော်မတီ (၆) ဖွဲ့ တွေ့ဆုံ ညှိနှိုင်းမှု (၃) လပါတ် အစည်းအဝေး ကိုကရင် ပြည်နယ် မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင် ကျေးရွာ၌ ပြုလုပ် ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် အဖွဲ့ဝင်များကြား လောလောဆယ် ဖြစ်ရှိနေသော ပြသနာ များကို ဦးစွာ ဖြေရှင်းရန် တင်ပြ ခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော် အစည်းအဝေး၏ မူလ ရည်ရွယ်ချက်မှာ ၊ အချင်းချင်း၌ တက်နေသော ပြသနာ ဖြေရှင်းရေး၊ ညီညွတ်ရေး ကော်မီတီ အတွက် စုပေါင်းရုံး ထားရှိရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း ကော်မီတီ ဖွဲ့စည်းရန် ရည်ရွယ် ခဲ့ပါသည်။
သို့သော် KNU နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) ကြား ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့ကဖြစ်ပွား ခဲ့သော ၀ဲကြီး စခန်း ပစ်ခတ်မှု နှင့် ပတ်သတ်သည့် ကိစ္စ မျိုး နောင်မဖြစ် ကြရန် သဘော တူခဲ့ပါသည်။ ဤကိစ္စကိုလည်း အပြန်အလှန် တာဝန်ယူသည့် အနေဖြင့် လက်တွေ့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဤသို့သော ပြသနာသည်လည်း ကရင် လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး ကော်မတီအဖွဲ့ဝင်များ အချင်းချင်း ဆက်သွယ်ရေး အစီအမံ မရှိခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ခဲ့ရ ကြောင်း သုံးသပ် ခဲ့ကြသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် BGF ထံ ရောက်ရှိ နေသော KNU တပ်သား (၅) ဦး၏ လက်နက် များကို ပြန်လည် ပေးဆောင်ရန် ဆုံးဖြတ် ခဲ့သည်။ ပစ္စတို (၁) လက ်အပါအဝင် လက်နက် (၄)လက် ကိုပြန်လည် ပေးအပ်ခြင်း အားဖြင့် ကရင် လက်နက်ကိုင် တပ်များ စည်းလုံး ညီညွတ်ရေးကို သက်သေထူ ခဲ့ပြီး နောင်တွင်လည်း တသွေး တသံတမိန့် များ ဖြစ်လာရန် စည်းလုံး ညီညွတ် ရန်လည်း လိုအပ်သည်ဟု ဆွေးနွေး ခဲ့ကြသည်ဟု နယ်ခြား စောင့်တပ် (BGF) အမှတ် (၃) တပ်နယ်မှူး ရုံးမှ တာဝန် ရှိသူ တစ်ဦးက ဆိုပါသည်။
ထို့အပြင် DKBA နှင့် BGF ကြား ကိစ္စများ၊ KNU နှင့် DKBA ကြား ကိစ္စများနှင့် KNLA နှင့် BGF ကြား ကိစ္စများကို လည်း ဆွေးနွေး ဖြန်ဖြေ ခဲ့ကြပါသည်။
ထို့အပြင် နောင် ဖြစ်လာသည့် ပြသနာ များတွင် သူ့ဘက် ကိုယ့်ဘက် အပြစ်ပေး အရေးယူမှုကို ကိုယ့်သဘော နှင့်ကိုအရေးယူမှု မပြုစေဘဲ နှစ်ဖက်အကြား ဦးစွာ အရင် ညှိနှိုင်း သွားရန် လိုသည်ဟု သဘောတူကြပါ သည်။ဤကဲ့သို့ အပြန် အလှန် ညှိနှိုင်းမှုဖြင့် စည်းကမ်း မလိုက်နာ သူများအား ဖမ်းဆီး အရေးယူ သွားမည် ့အကြောင်း၊ အကျဉ်းချထားစဉ် စားဝတ်နေရေး နှင့်ကျန်းမာရေး ကိစ္စများကိုလိုအပ်ပါက အစိုးရနှင့်လည်း ညှိ နှိုင်း တိုင်ပင်ပြီး လိုအပ်သလို ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီ ကဆိုပါသည်။
ဤသို့သော ပြသနာများကို ဖြေရှင်းယင်း ယခု ကျင်းပ ခဲ့သော (၃) လပါတ် အစည်းအဝေးသည် အဖွဲ့ဝင် အချင်းချင်းကြား ဖြစ်ပွားခဲ့သော ပြသနာများကို ပွင့်လင်းစွာ ဖြေရှင်း ခဲ့ကြသလို မြိုင်ကြီးငူ ဒေသ မီးဇိုင်ဘက်တွင် ထောင်ထားသည့် မိုင်းများ ဖော်ထုတ်ရေး ကိစ္စပါ ဆက်လက် ဖော်ထုတ် သွားရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု (BGF)အမှတ် (၃) တပ်နယ် မှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
အကောင်အထည် ဖေါ်ရန် ရည်ရွယ် ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စနှင့် စုပေါင်းရုံး ထားရှိရေး ကိစ္စကိုမူ လောလောဆယ်၌ ပြီးခဲ့သည့် မေလ (၂၈) ရက် နေ့က ဖွဲ့စည်း ထားသည့် ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီ အဖွဲ့ဝင် (၁၇) ဦး အား ယာယီ တာဝန် ပေးထားပြီး နောင်လာမည့် ဒီဇင်ဘာတွင် ကျင်းပသော တတိယ အကြိမ် (၃) လ ပါတ် အစည်းအဝေး ကျမှသာ ဆပ်ကော်မတီကို ဖွဲ့စည်းသွားမည် ဖြစ်သည်။
ယင်း အစည်းဝေးသို့ တက်ရောက် သူများမှာ KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီဦးဆောင်ပြီး ကိုယ်စားလှယ် (၁၁) ဦး၊ BGF မှ ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်ပြီး ကိုယ်စားလှယ် (၂၀) ဦး၊ KNU/KNLA-PC မှ ဗိုလ်ချုပ်ကြီး စောရင်နု ဦး ဆောင်ပြီး ကိုယ်စားလှယ် (၃) ဦး၊ ဘုရားကုန်း အဖွဲ့မှဦးစောသန်းမြင့် ဦးဆောင်ပြီး ကိုယ်စားလှယ် (၃)ဦး၊ DKBA မှ ကလို့ထူးဝါ ကွပ်ကဲရေး တပ်ဖွဲ့မှဗိုလ်မှူး ဝေ့လေနှင့် ဗိုလ်မှူး သရီးထူး ကိုယ်စားလှယ် (၂)ဦး နှင့် KPF မှ ဗိုလ်မှူးစတီးဗား ဦးဆောင်ပြီး ကိုယ်စားလှယ် (၄) ဦးတို့ တက်ရောက် ကြသည်။
ထို့ပြင် ကရင် လက်နက်ကိုင် အဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် မဟုတ်သေးသည့် သံတောင် အထူး ဒေသ ဌာနေ ပြည်သူ့စစ်၊ သံတောင် ငြိမ်းချမ်းရေး အဖွဲ့၊ သံတောင် ငြိမ်းချမ်းရေး အဖွဲ့ (မြောက်ပိုင်း) တို့လည်း လေ့လာ သူများ အဖြစ် ပါဝင် တက်ရောက် ခဲ့ကာ စုစုပေါင်း (၇၀) ကျော် တက်ရောက် ကြပါသည်။