သွေးလွန်တုပ််ကွေး ကလေးငယ်အချို့ သေဆုံးမှုရှိနေ

သွေးလွန်တုပ််ကွေး ကလေးငယ်အချို့ သေဆုံးမှုရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဒေသတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် ဆယ်နှစ် အောက် ကလေးငယ် များသေဆုံးနေကြကာ အခြေအနေ ထပ်မဆိုးရွားလာအောင် ကြိုတင်ပြင်ဆင်မှုများလို အပ်ကြောင်း ဆရာဝန်များက ပြောသည်။

"သေဆုံးမှုအထိက ရှိတယ် တော်တော်လေးကို ဆိုးတယ် ပြောရမှာပေါ့နော.... ဒီနှစ်က ကျနော်တို့ ဒီဖယ်ခုံ အတိုင်းအတာနေနဲ့ ဆိုလို့ရှိရင် တော်တော်လေးကို out break ပုံစံမျိုးပေါ့ ။ အခြေအနေက တော်တော်လေး ဆိုးတာတွေ ရှိနေပါတယ်" ဟု အထွေထွေကု ဆရာဝန်က Dr. John Bosco က ပြောပါသည်။

သွေးလွန်တုပ််ကွေး ဝေဒနာခံစားနေခဲ့ရသည့် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်မှ အသက် ၅ နှစ် ၉ လအရွယ် ကလေးငယ်တဦး အား ဆေးရုံသို့ အချိန်မှီ မပို့နိုင်ခဲ့ခြင်းကြောင့် ယခင်အပတ် သောကြာနေ့က သေဆုံးသွားခဲ့ သည်ဟု သေဆုံးသူကလေးငယ်၏ အစ်ကိုဖြစ်သူ စည်သူအောင်က ပြောသည်။

 "ဆရာမက  ကိုယ်ပူလာတာနဲ့ချက်ချင်းဆေးရုံဆေးခန်းပို့မယ်လို့ပြောတယ်လေ။  ကျနော်က ခါတိုင်းဆို သူကိုယ်ပူရင် ဆေးတိုက်ရင် ပျောက်တယ်လေ"

 သွေးလွန်တုပ််ကွေးရောဂါ ဝေဒနာခံစားနေရသည့် အသက် ၃ နှစ်ခွဲအရွယ် သမီးလေး၏ မိခင်ဖြစ်သူ ဒေါ်မောနိကာက ဆေးရုံတွင် ကုသမှုခံယူနေသည့် သူမသမီးငယ်၏ အခြေအနေကို ယခုလို ရှင်းပြသည်။

" သွေးခုနှစ်လုံးအထိ သွင်းရတယ်။ သူ့ဟာ သွေးဖြူဥက တစ်သောင်းငါးထောင်ဘဲ ကျန်တော့တယ်။   ဆေးရုံကို ခြောက်နာရီလောက် နောက်ကျမှာရောက်လာမယ်ဆိုရင် မရတော့ဘူးလို့ ဆရာမ ပြောတယ်"

လက်ရှိ ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးလွန်တုပ််ကွေးရောဂါကြောင့် ကလေးငယ်နှစ်ဦး အတွင်းလူနာ အဖြစ် ကုသမှုခံယူနေရပြီး တဦးမှာ အပြင်လူနာအဖြစ်ရှိနေသည်။

ဖယ်ခုံမြို့ပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် အနည်းဆုံး ကလေးငယ်နှစ်ဦး သေဆုံးကြောင်းသိရ သည်။

ခြင်ကနေတဆင့်ကူးစက်သော သွေးလွန်တုတ်ကွေးရောဂါသည်  ဇွန်လလည်က စတင်ဖြစ်ပွား ခဲ့ပြီး လောလောဆယ် ကာကွယ်မှုအနေဖြင့် ခြင်ဆေးဖြန်းခြင်းနှင့် ရေများကို ဖုံး၊ သွန်၊ လဲ၊ စစ် နည်းဖြင့် ပညာပေးမှုများ ဖယ်ခုံတမြို့လုံး လိုက်လံပြုလုပ်နေကြောင်း ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါ၏ လက္ခဏာတချို့ ကို ဒေါက်တာ ဂျွန်ဘောစကိုက ယခုလိုရှင်းပြသည်။

"အစောပိုင်းမှာဆိုရင် သူက သာမန်တုပ်ကွေးလိုဘဲ၊ ဖျားတယ်၊ ကိုယ်ပူတယ်၊ ဒါမျိုးပုံစံလေးဘဲ နောက်ပိုင်းမှာ အဖျားကျသွားပြီ အေးသွားပြီဆိုရင် ကိုယ်လက်တွေမှာ အထူးသဖြင့် လက်တွေမှာပေါ့နော... သွေးနီစက် လေးတွေ ပေါ်လာ တယ်ပြီးတော့ နှာခေါင်းသွေးတွေ ယိုလာတယ်။ ဗိုက်နာတယ်ပြောပြီး ခဏခဏအန်တယ် ပြီးကျတော့ ဝမ်းသွားတဲ့အခါ ကော်ဖီရောင်လိုမျိုး အမဲရောင်တွေ သွားတယ်ပေါ့။ ကလေးတွေမှာ အဲလို လက္ခဏာတွေတွေ့လာရင်  မိဘတွေအနေနဲ့ ဆေးရုံသို့အမြန် ဆုံးပို့ပေးကြဖို့တိုက်တွန်း အကြံပြုလိုပါတယ်။  "

အဆိုပါရောဂါကို ကာကွယ်နိုင်ရန်အတွက် မိဘများသည်  ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ များကို လေ့လာသင့်ပြီး ခြင်များကို နှိမ်နှင်းမှုများဖြစ်သည့် ရေဝပ်သောနေရာများတွင် ရေနုတ်မြောင်းဖောက် ခြင်း၊ ရေမြောင်းများကိုလဲ ရေစီးရေလာ ကောင်းအောင် ပြုလုပ်ခြင်း၊ ရေစည်၊ ရေအိုး ဘုရားပန်းအိုးများတွင် ခြင်မပေါက်ဖွားနိုင်အောင် ရေကို ပုံမှန် လဲလှယ်ပေးခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် ခြံုပုတ်များ ထူထပ်နေလျှင် ခုတ်ထွင်ရှင်းလင်းခြင်းများ ပြုလုပ်သင့်သည်ဟု ဒေါက်တာ ဂျွန်ဘောစကိုကပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဖယ်ခုံမြို့ပေါ်တွင်သာမက  ကျေးရွာတချို့များ တွင်လဲ ဖြစ်ပွားနေသည်ဟု သိရပါသည်။

ဖယ်ခုံမြို့သည် အများအားဖြင့် ကယန်း၊ ရှမ်းနှင့် အင်းသားလူမျိုးများ နေထိုင်ကြသည့်အပြင် အခြား ပအို့နှင့် ဗမာလူမျိုး အနည်းကျဉ်း ရောနှော နေထိုင်နေကြသည့် မြို့ငယ်လေး တမြို့ဖြစ်ပါသည်