ငွေတောင်ဆည်ကမ်းစပ်နား ဒုံးပစ် လောင်ချာသီးတလုံးတွေ့

ငွေတောင်ဆည်ကမ်းစပ်နား ဒုံးပစ် လောင်ချာသီးတလုံးတွေ့
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ ငွေတောင်ဆည်ရေကန် ရေခမ်းလာသည့်အချိန်၌ ရေကန်ကမ်းစပ်တွင် RPG ဒုံးပစ်လောင်ချာသီး (အသေး) တလုံး တွေ့ရှိခဲ့သည်ဟု ၎င်းကိုတွေ့ရှိခဲ့သူ ငွေတောင်၊ ဆည်မြောင်းရပ်ကွက်မှ ဒေသခံ ကိုဇော်ဇော်ထွေးက ပြောသည်။

ကိုဇော်ဇော်ထွေးက "ည ၉ နာရီလောက်မှာပါ ပျင်းတာနဲ့ ကန်ထဲမှာငါးသွားခုတ်တာ။ အဲဒါနဲ့ အဲဒါကို သွားတွေ့တယ်။ တွေ့တာနဲ့ အကြောင်းကြားပေးတယ်။ အုပ်ချုပ်ရေးရုံးကနေတဆင့် ဥက္ကဌတွေ ဘာတွေနဲ့ တဆင့် သွားတွေ့တယ်" ဟု ပြောသည်။

boom-news

လယ်စိုက်ပျိုးသူအတွက် ၎င်းဆည်ရေကို အဆက်မပြတ်လွှတ်ချ ပေးခဲ့သည့်အတွက် ဆည်ရေကျလာချိန်တွင် ၎င်းလောင်ချာသီးကို သြဂုတ်လ ၁၉ ရက်နေ့ညတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ ကျေးရွာအုပ်စုဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းမှူး၊ ခလရ စစ်တပ် ၁၀၂ မှ တဆင့် ဒကစ သို့ သတင်းပို့ အကြောင်းကြားခဲ့ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့၌
ငွေတောင်ဆည်အနီးတွင်ပင် ယမ်းပျော့များဖြင့် ဖောက်ခွဲခဲ့ သည်ဟု ငွေတောင်ကျေးရွာအုပ်စုဥက္ကဌ ဦးလှဦးက ပြောသည်။

ငွေတောင်ကျေးရွာအုပ်စုဥက္ကဌ ဦးလှဦးက "ခွဲတဲ့အချိန် စစ်တပ်နဲ့ရဲနဲ့ ခွဲတယ်။ ဗုံးကိုတော့ အများပြည်သူ မထိခိုက်အောင် လုပ်လိုက်နိုင်တာကိုပဲ ဝမ်းသာတယ်။ မဟုတ်ရင်   ပြည်သူတွေအတွက်ပဲ နှစ်နာတယ်။ အရင်တုန်းက ပေါက်ကွဲ ခဲ့ဖူးတာတွေလည်း ရှိတယ်" ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် ဇွန်လတွင် ငွေတောင်ကျေးရွာ အောင်သပြေရပ်ကွက်တွင်းသို့ ထို့ကဲ့သို့ ပုံစံတူသည့် ဒုံးပစ်လောင်ချာသီး အကြီး တလုံးကျခဲ့ဖူးပြီး ကျောင်းဆရာမ တဦးသေဆုံးသွားခဲ့သည့် ဖြစ်ရပ်တခု ကြံုတွေ့ခဲ့ ဖူးကြောင်း သိရသည်။

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲထားသည့် ကာလအတောအတွင်း မိုင်းပညာပေးလုပ်ငန်းများ ပြုလုပ်လာကြပြီ ဖြစ်သော်လည်း မိုင်းများ ရှာဖွေဖော်ထုတ်ရှင်းလင်းရေး ပြုလုပ်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးနေဆဲသာ ဖြစ်သည်။

၂၀၁၂ ခုနှစ် မတ် ရ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်အစိုးရ အပစ်အခတ်ရပ်စဲ ရေး ပဏာမ တွေ့ဆုံခဲ့စဉ်နှင့် ပြည်ထောင်စုအဆင့် ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ တကြိမ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်၌လည်း မိုင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းရန် ထည့်သွင်းဆွေးနွေး ခဲ့ကြသေးသည်။