သံတွဲ အစ္စလာမ် ဘာသာဝင် တက္ကသိုလ်ကျောင်းသားများ ရန်ကုန်နှင့် ဧရာဝတီတွင် ပညာ သင်ကြားခွင့်ရရေး ကုလ ကိုယ်စားလှယ် နမ်ဘီးယားအား တင်ပြ

သံတွဲ အစ္စလာမ် ဘာသာဝင် တက္ကသိုလ်ကျောင်းသားများ ရန်ကုန်နှင့် ဧရာဝတီတွင် ပညာ သင်ကြားခွင့်ရရေး ကုလ ကိုယ်စားလှယ် နမ်ဘီးယားအား တင်ပြ
by -
နိရဥ္စရာ

ယမန်နေ့က သံတွဲ ခရိုင်ရုံးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားနှင့် သံတွဲမြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် သံတွဲမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်း သားများအနေဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ပညာသင်ကြားခွင့်ရရေး အတွက် တင်ပြခဲ့ကြ သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က တင်ပြတာ ဖြစ်ပါတယ်။ အရင်က စစ်တွေ တက္ကသိုလ်မှာ တက်ရောက် သင်ကြားနိုင်ပေမယ့် အခုတော့ သင်ကြားနိုင်တဲ့ အနေအထား မရှိဘဲ ဖြစ်နေတဲ့ အတွက် စစ်တွေ တက္ကသိုလ်နဲ့ တောင်ကုတ် တက္ကသိုလ်အစား ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ သင်ကြားခွင့် ပြုပေးဖို့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ အစ္စလာမ်ဘာသာဝင် ဦးကျော်ကျော်လွှင်က ပြောသည်။

ယမန်နေ့က နံနက် ၁၁ နာရီ ၄၅ မိနစ်မှ နေ့လယ် ၁ နာရီ အထိ နမ်ဘီးယားသည် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို သံတွဲ ခရိုင်ရုံးတွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် အစ္စလာမ်ဘာသာဝင်များက သူတို့ လိုလားချက် အချို့ကို ဖတ်ကြားတင်ပြခဲ့ရာ ထိုအထဲတွင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသားများ ဆက်လက် ပညာသင်ကြားခွင့်ရရေးကို  တင်ပြခဲ့ကြသည်။

“ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က တင်ပြတာကတော့ ကလေးတွေရဲ့ ပညာရေး ကိစ္စ အပါအဝင် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို အဓိက တင်ပြခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ ရှေးဘုရင်တွေ လက်ထက်ကတည်းက သံတွဲမှာ နေထိုင်လာခဲ့တယ်။ ဒီလို ပြဿနာမျိုးတွေ တစ်ခါမှ ဖြစ်ပွားခဲ့တာ မရှိဘူး။ အခုတော့ ကြားထဲက ဆူပူလိုသူတွေရဲ့ သွေးထိုးမူကြောင့် ခုလို ဖြစ်လာဖြစ် တယ်။ ဒါကြောင့် ရှေ့မှာ  ဘာသာကြီးနှစ်ရပ်အကြား သံတွဲမြို့မှာ ငြိမ်းချမ်းစွာ နေထိုင်ရေးကို မျှော်လင့်တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုင် ဗုဒ္ဓဘာသာဝင် မြို့မိ မြို့ဖများဘက်ကလည်း အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် သူတို့ လိုလားကြောင်းကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။

“ ဗုဒ္ဓဘာသာဝင် လူကြီးတွေကလည်း တင်ပြကြပါတယ်။ အရင်က ဒီလို ဖြစ်တာ မရှိဘူး။ အခုမှ ဖြစ်ရတာဟာ ပြင်ပ သွေးထိုး လှုံ့ဆော်မူတွေကြောင့် သံတွဲမှာ ဖြစ်ရတာ ဆိုပြီး တင်ပြကြပါတယ်။ သွေးထိုးလှုံ့ဆော်သူတွေ ကို အချိန်မီ ဖမ်းဆီး အရေးယူနိုင်မယ်ဆိုရင်ဒီလို ပြဿနာတွေ ဖြစ်စရာ မရှိဘူးလို့ တင်ပြကြပါတယ်” ဟု ဦးကျော်ကျော်လွှင်က ပြောသည်။

ကုလ အတွင်းရေးမှူး ကိုယ်စားလှယ် နမ်ဘီးယားကလည်း သံတွဲတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် လူကြီးများကို စုံစုံညီညီ တွေ့ရ၍ ၀မ်းမြောက်ကြောင်း၊ သံတွဲမြို့ကို စံနမူထားကာ ညီညွတ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ လူပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မူကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Most read this week