ရွှေ့ပြောင်း အလုပ်သမား အမိမြေသို့ ပြန်ပြေး အလုပ်ရှင်များ စိုးရိမ်

ရွှေ့ပြောင်း အလုပ်သမား အမိမြေသို့ ပြန်ပြေး အလုပ်ရှင်များ စိုးရိမ်
ပြီးခဲ့သည့် လကတည်းက ယခုချိန်အထိ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းရဲများက ပြင်းပြင်းထန်ထန် လိုက်လံ ဖမ်းဆီးနေမှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် သျှမ်းရွှေ့ပြောင်း အလုပ်သမား အများအပြား အမိမြေသို့ ပြန်ပြေးကြ ...

ပြီးခဲ့သည့်လကတည်းက ယခုချိန်အထိ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းရဲများက ပြင်းပြင်းထန်ထန် လိုက်လံဖမ်း ဆီးနေမှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများအပြား အမိမြေသို့ ပြန်ပြေးကြသဖြင့် လက်ခံထားသည့် အလုပ်မပြီးပြတ် မည်ကို စိုးရိမ်ကြကြောင်း ထိုင်းအလုပ်ရှင်များအသိုင်းအဝိုင်းက ပြောကြသည်။

ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင် လက်ခံလုပ်ပေးသူ ပွဲစားတစ်ဦးက - “အရင်က ကျနော့်မှာ လူ ရဝဝ လောက်ရှိတယ်။ ထိုင်းရဲတွေ ပြင်းပြင်းထန်ထန်လိုက်ဖမ်းတဲ့နောက်ပိုင်း ကျနော့်လူ ၁ဝဝ လောက်ပျောက်သွားတယ်” ဟုပြော၏။

အလားတူ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်ဆွဲထားသူ ထိုင်းလုပ်ငန်းရှင် တစ်ဦးကလည်း ၎င်း၏ အလုပ်သမား ရဝ-၈ဝ အနက် အယောက် ၃ဝ ခန့် မတ်ချ်လအတွင်း ပျောက်သွားကြောင်း၊ တချို့မှာ အခြားဒေသသို ့ထွက်ပြေးကြပြီး အချို့မှာ နေရပ်သျှမ်းပြည်သို့  ပြန်သွားကြကြောင်း၊ အများစုမှာ အလုပ်လုပ်ခွင် ့ကဒ်ပြားမရှိသဖြင့် အဖမ်းခံကြခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ကျနော် ဆာရဖီးမြို့နယ်ဘက်မှာ ဆောက်လုပ်ရေး ကန်ထရိုက်ဆွဲထားတယ်။ အခုလို အလုပ်သမားတွေ အများကြီး ပျောက်သွားတော့ လာမယ့်သင်္ကြန်မတိုင်မီ အပြီးလုပ်ဖို့ လက်ခံထားတာ မပြီးနိုင်မှာကို စိတ်ပူနေတယ်။ အာဏာပိုင်တွေ ကလည်း နေ့ ည မချန်၊ အလုပ်သမား တန်းလျားတွေမှာ ဝင်စစ်တယ်၊ ဖမ်းတယ်ဆိုတော့ ကဒ်မရှိတဲ့သူတွေ ပြေးကြ တာပေါ့”  ဟုပြောပြသည်။

ထိုင်းလူမျိုး အလုပ်သမားမှာမူ အလုပ်၌ စိတ်မဝင်စားခြင်း၊ အချိန်မလေးစားခြင်း၊ အချိန်ပို အလုပ်မလုပ်ကြခြင်း အပြင် ၎င်းတို့မှာ အလုပ်သမား ဆိုင်ရာ ဥပဒေကို သိရှိနားလည်သူများ ဖြစ်ကြသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ကဲ့သို့ အလုပ် များများ ခိုင်း၍မရကြောင်း အဆိုပါ ထိုင်း အလုပ်ရှင်က ဆက်၍ပြောပြသည်။

“သျှမ်းအလုပ်သမားတွေဆိုရင် အချိန်ပို အလုပ်ဆင်းခိုင်းလဲရတယ်။ နောက်ပြီး ထိုင်း အလုပ်သမားတွေ လောက်လုပ် အားခ မပေးလဲရတယ်။ သျှမ်းအလုပ်သမားတွေက အလုပ်ကြိုးစား လုပ်ပေးတယ်၊ ဒါမျိုးတွေကွာတာပေါ့၊ အဲဒါကြောင့် ဖြစ်နိုင်ရင် အလုပ်ခိုင်းချင်သလို ခိုင်းလို့ရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုဘဲ လိုချင်တယ်။ ထိုင်း အလုပ်သမားဆို မလိုချင်ဘူး” ဟုဆို၏။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ အလုပ်လက်မဲ့ လူဦးရေ ၂ သန်းကျော်ရှိမည်ဟု ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန် ကြေငြာထားသော်လည်း ထိုင်းလူမျိုးများအတွက် ပရိဘောဂအလုပ်ရုံ၊ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ ဘွဲ့ရပညာတတ်များ အနည်းစုသာ ဖြစ်နိုင်ကြောင်း၊ ယခုလက်ရှိ အနေအထား အရရွှေ့ပြောင်း အလုပ်သမားအများအပြားမှာ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သျှမ်းခေါင်းဆောင်တစ်ဦးက သုံးသပ်ပြော ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ် လုပ်ခွင့်ကဒ်ရှိသူရော ကဒ်မရှိသူ သျှမ်းရွှေ့ပြောင်းအလုပ်သမားအယောက် ၂ သန်း ခန့်ရှိသည်ဟုဆို၏။ ချင်းမိုင်မြို့၌ ယခင်နှစ်က အလုပ်သမား ကဒ်သက်တမ်းတိုးသူ အလုပ်သမား ၄ဝဝဝ ကျော်ရှိခဲ့ သော် လည်း ယခုနှစ်မှာ သက်တမ်းတိုး သူဦးရေ ၃ဝဝဝ ခန့်သာရှိတော့သဖြင့် ၁ဝဝဝ ကျော်လျော့သွားသည်ဟု ချင်းမိုင် သျှမ်း ရေဒီယိုလှိုင်း တစ်ခုမှ ယမန်နေ့က ကြေငြာခဲ့သည်။ ထို့ပြင် ၂ဝဝ၈ က ထိုင်းလူမျိုးအလုပ်လက်မဲ့ ၉ သောင်းကျော်ရှိပြီး ယခုနှစ်ဦးပိုင်းမှာမူ ၆ သောင်းကျော် ထပ်တိုးလာကြောင်း ထိုင်းသတင်း စာတစ်စောင်၌လည်း ဖော်ပြထားသည်။