အသင်းအဖွဲ့မှတ်ပုံတင်ရန် ပြည်နယ်ဝန်ကြီးအကြံပြု

အသင်းအဖွဲ့မှတ်ပုံတင်ရန် ပြည်နယ်ဝန်ကြီးအကြံပြု
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းများ မည်သည့် အဖွဲ့အစည်းမဆို တရားဝင်အဖွဲ့အစည်းအနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားကြရန် အကြံပြုလိုသည်ဟု လူငယ်များတွေ့ဆုံဆွေးနွေး ပွဲတွင် ပြည်နယ်စီမံနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်က  ပြောသည်။

ဝန်ကြီးဦးတော့ရယ်က "တကယ်လို့လိုအပ်မယ်ဆိုရင် အသင်းအဖွဲ့ organization သို့မဟုတ် အသင်းအဖွဲ့ တခုခုဖြစ်နေတဲ့အတွက် အသင်းအဖွဲ့မှတ်ပုံတင် ဆိုတာရှိပါတယ်။ တကယ်လို့ မလုပ်ရသေးဘူး လိုအပ်နေတယ်ဆိုရင်တော့ ဒီလိုအသင်းအဖွဲ့မှတ်ပုံတင်လေး ဆောင်ရွက်ထားကြဖို့ ဒါအကြံပြုလိုပါတယ်" ဟု ပြောသည်။

ပြည်နယ်အတွင်းတွင် လက်ရှိနိုင်ငံရေး အပြောင်းအလဲကာလ၌ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်ဖြစ်၍ ဒေသအတွင်း လူမှုရေးအသင်းအဖွဲ့များ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများက နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားမှုများရှိလာ ကြသည့်အပေါ်တွင် ဝန်ကြီးက ယခုလိုပြောသွားခြင်းဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ အလှူရှင်များ တဖြည်းဖြည်းဝင်ရောက်လာပြီး ပြည်တွင်းရှိ ဒေသခံလူမှုအဖွဲ့ အစည်းများ ချိတ်ဆက်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်တိုင်းတွင်လည်း တရားဝင်အသင်းအဖွဲ့ ဟုတ်မဟုတ်ကို မကြာခဏ ဆွေးနွေးလာကြသည်ကို မကြာသေးမှီက USAID (U.S . Agency for International Development) အမေရိကန်သံရုံးမှ ကိုယ်စားလှယ်များနှင့်  ဒေသခံ လူမှုအသင်းအဖွဲ့များ လွိုင်ကော်မြို့ ကက်သလစ်ဓမ္မရုံတွင် ဆွေးနွေးခဲ့ကြစဉ်၌ ကြားသိခဲ့ရသည်။

ယခုလို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို တရားဝင်မှတ်ပုံတင်ထားရန် အကြံပြု ပြောဆို လိုက်သည့်အပေါ်တွင် လွိုင်ကော်မြို့မှ ဒေသခံတဦးဖြစ်သည့် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ဆရာဘိုဘိုလွင်က ယခုလို  မှတ်ပုံတင်ရန်အတွက်နှင့် ပတ်သက်၍ လွှတ်တော်၌ ဥပဒေကြမ်းသာ လျှင်ရှိသေး ကြောင်း ပြောသည်။

ဆရာဘိုဘိုလွင်က "အခုထက်ထိ ကျနော်သိရသလောက်ကတော့ အသင်းအဖွဲ့တွေကို မှတ်ပုံတင်ဖို့ ဥပဒေမူကြမ်းပဲ ထွက်သေးတယ်။ ဆိုတော့အဲဒါကို အသင်းအဖွဲ့တွေ အရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းပြီးတော့မှ ပြုပြင်ပေးဖို့ ပြင်ဆင်ပေး ဖို့ တောင်းဆိုတဲ့သူလည်းရှိတယ်။ တချို့လည်း advocacy လုပ်တော့လုပ်ထားတယ် အဲဒါမကြာခင် အဲဒါပြန်ပြင်ဆင်ပေးပြီးတော့ အသစ်ထွက်လာမယ်လို့ ကျနော်သိ ရပါတယ်။ ဒါကြောင့်မို့လို အခုချိန်မှာတော့ စောင့်ကြည့်ရအုံးမယ်။ ထွက်လာမယ်လို့ မျှော်လင့် ပါတယ်" ဟု ပြောသည်။

လက်ရှိကယားပြည်နယ်အတွင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် နေကြသည့် ဒေသခံ လူမှုအသင်းအဖွဲ့များသည် စုစုပေါင်း  ၃၀ ကျော်ရှိသည်ဟု လူငယ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့စဉ်၌ တက်ရောက်လာသည့် စာရင်းအရ သိရသည်။

Most read this week