KNU နှင့် RCSS တို့ အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီနှင့်တွေ့ဆုံ

KNU နှင့် RCSS တို့ အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီနှင့်တွေ့ဆုံ
by -
ရွှေဟင်္သာ

ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့သည် ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် နှစ်နာရီ ကျော်ကြာ အလွှတ်သဘော တွေ့ဆုံ ခဲ့ကြ သည်ဟု ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သည့် RCSS ကိုယ်စားလှယ်မှ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“ ဆုံးဖြတ်ချက် ချတဲ့ အစည်းအဝေး မဟုတ်ပါဘူး။ အလွှတ် သဘောပါ။ ကျနော်တို့ ဖက်ကတော့ အချက် (၄) ချက် တင်ပြ ခဲ့တယ်။ အစိုးရ ဖက်တော့ သမ္မတရဲ့ လမ်းပြ မြေပုံ ကိစ္စကို တင်ပြ ဆွေးနွေး ခဲ့ပါတယ်” ဟု ဆိုပါသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထာင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဥက္ကဌ ဒုသမ္မတ စိုင်းမောက်ခမ်းက လာမည့် အောက်တိုဘာလတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ် ထိုးရန် မျှော်မှန်း ထားကြောင်း ယနေ့ ဆွေးနွေး ပွဲတွင် ပြောကြား ခဲ့ပါသည်။

ယင်းဆွေးနွေး ပွဲ၌ ဆွေးနွေး ခဲ့သော သမ္မတ၏ လမ်းပြ မြေပုံသည် တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ နှင့် တိုင်းရင်းသား အားလုံး ပါ၀င်သည့် ကျယ်ပြန့်သော တိုင်းရင်း ညီလာခံ တရပ်ခေါ်ယူဆွေး နွေးရေးပင် ဖြစ်ပါသည်။ ဤအချက်ကို KNU နှင့် RCSS ကိုယ်စားလှယ်များက မူအားဖြင့် သဘော တူသည်ဟု ဆွေးနွေး ပွဲကို တက်ရောက် ခဲ့သော မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ဆိုပါသည်။

အလားတူ KNU နှင့် RCSS ကိုယ်စားလှယ် ဖက်မှလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး၌ အခြေခံ အချက် (၄) ချက်ဖြင့် ဆွေးနွေးကြရန် လိုအပ်ကြောင်း တင်ပြ ဆွေးနွေး ခဲ့ပါသည်။

(၁) အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အောင်မြင်ရေးတွင် အပစ်အခတ် ရပ်စဲရေး အာမခံ ချက်ရှိခြင်း မရှိခြင်းအပေါ် မူတည် နေသည့် ကိစ္စ။
(၂) နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပသည့် အခါ နှစ်ဖက် မူဘောင်များ ကြိုတင် ညှိနှိုင်း ဆောင်ရွက် ရမည့် ကိစ္စ။
(၃) အားလုံး ပါ၀င်သော ပြည်ထောင်စု ညီလာခံ ကျင်းပရေး ကိစ္စ။
(၄) ဤရည်မှန်းချက်များ ရရှိ လာစေရန် ကြားကာလ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းရေး ကိစ္စ များကို တင်ပြ ခဲ့ပါသည်။

ယင်းဆွေးနွေး ပွဲသည် အလွတ် သဘော အပြန်အလှန် တင်ပြကြခြင်း ဖြစ်သော်လည်း ဤကိစ္စများကို ရှေ့ဆက် ဆွေးနွေး ညှိနှိုင်းနိုင်ရန် ပြန်လည် တွေ့ဆုံ ဆွေးနွေး ကြဦးမည် ဟု သဘော တူခဲ့ကြ ပါသည်။

ယင်းဆွေးနွေး ပွဲကို KNU မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒို ကွယ်ထူးဝင်း၊ တိုင်းရင်း ပညာရှင် အဖြစ် ဗိုလ်မှူး တူးတူးလေးနှင့် တိုင်းရင်း လူငယ် ကွန်ယက် အဖွဲ့ဝင် တဦး တို့က တက်ရောက် ခဲ့ပြီး RCSS မှ ဗိုလ်မှူးစိုင်းလ နှင့် ဗိုလ်မှူး စိုင်းမိဏ်း တို့က တက်ရောက် ခဲ့ပါသည်။

အစိုးရ ဖက်ကမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဥက္ကဌ ဒုတိယ သမ္မတက ဦးဆောင်ပြီး၊ ဒုတိယ ဥက္ကဌ (၃) ဦး ဖြစ်ကြသော၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ အမျိုးသား လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း၊ လွှတ်တော် အမတ် ဦးသိန်းဇော် အပြင် ၀န်ကြီး (၈) ပါးနှင့် လုပ်ငန်း ကော်မီတီဝင် (၁၉) ဦး ထဲမှ (၁၆) ဦး တက်ရောက် ခဲ့ကြောင်း ဦးလှမောင်ရွှေက ဆိုပါသည်။

KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပြီး၊ RCSS သည် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) ၏ အဖွဲ့ဝင် ဖြစ်ပါသည်။

WGEC သည် အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးသည့် အခါ UNFC အဖွဲ့ဝင် မဟုတ်သော အဖွဲ့များမှ အမြင် သဘောထား ရရှိရေး အတွက် ဆွေးနွေးနိုင်ရန် UNFC က ဖွဲ့စည်း ထားခြင်းဖြစ် ပါသည်။ ဤသို့ကြောင့် ရည်မှန်းချက် ပြီးမြောက်ပြီး နောက်ပိုင်းတွင် UNFC သည် WGEC အဖွဲ့ကို မေလတွင် ဖျက်သိမ်း လိုက်ပါသည်။

သို့သော် WGEC တွင် ပါနေသော RCSS သည် WGEC အဖွဲ့သည် တိုင်းရင်းသား ညီလာခံ တရပ်မှ အတည်ပြု ဖွဲ့စည်း ထားသော အဖွဲ့ ဖြစ်သဖြင့် ညီလာခံ တရပ်၏ ဆုံးဖြတ် ချက်ဖြင့် ပြန်လည် ရုတ်သိမ်း သင့်သည်ဟု သဘောထား ခဲ့ပါသည်။ ဤအချိန်မှ စပြီး UNFC သည် WGEC အဖွဲ့နှင့် ပတ်သက်မှု မရှိတော့ပေ။

KNU သည် UNFC အဖွဲ့ဝင် ဖြစ်သော်လည်း WGEC အဖွဲ့ဝင်များနှင့် သော်လည်းကောင်း လူမှု အဖွဲ့အစည်းဝင် အသင်း အပင်း အဖွဲ့အစည်းများနှင့် သော်လည်းကောင်း နိုင်ငံရေး အရ ပူးပေါင်း ဆောင်ရွက်မည့် ပေါ်လစီ ရှိသသည်ဟု အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။

ဤသို့သော အခြေအနေကြောင့် အစိုးရသည် UNFC မှ ကျင်းပသော တိုင်းရင်း ညီလာခံ၏ ဆုံးဖြတ်ချက် များကို လက်မခံနိုင်သည့် အခြေအနေတွင် KNU နှင့် RCSS အဖွဲ့တို့ကို ဖိတ်ခေါ် တွေ့ဆုံခြင်း အားဖြင့် သွေးခွဲရာ ရောက်သည့် အစီအစဉ် ဖြစ်ကြောင်း UNFC အဖွဲ့ဝင် များက ရှုမြင် နေပါသည်။

Most read this week