ဖုန်းကဒ် ထုတ်ပေးသူ ခရီးစရိတ် ပြည်သူများထံမှ သုံးဆတိုးမြှင့် ကောက်ခံ

ဖုန်းကဒ် ထုတ်ပေးသူ ခရီးစရိတ် ပြည်သူများထံမှ သုံးဆတိုးမြှင့် ကောက်ခံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း ဆက်သွယ်ရေးဌာနမှ ဆက်သွယ်ရေး လွယ်ကူစေရန် ဖုန်းကဒ်များ ထုတ်ပေးနေ သော်လည်း ထုတ်ပေးသူများက ခရီးစရိတ်ဟု ဆိုကာ ဖုန်းကဒ် တန်ဖိုးထက် သုံးဆများသော ငွေကြေးများကို ပိုမို တောင်းယူကောက်ခံနေသဖြင့် ဖုန်း ကဒ် ၀ယ်ယူသုံးစွဲသူများ အနေဖြင့်  အခက်အခဲကြံုနေကြရသည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ကမ်းထောင်းကြီးကျေးရွာမှာ ဇူလိုင်လကုန်ပိုင်းက တကြိမ်၊ အခု သြဂတ်စ်လက တကြိမ် မဲ စနစ်နဲ့ ဖုန်းကဒ်တွေကို  ထုုတ်ပေးပါတယ်။ အစိုးရက တရားဝင်ထုတ်ပေးတာက ဖုန်းကဒ် တစ်ခုကို ၁၅၀၀ ကျပ်ပါ။ ထုတ်ပေးတဲ့သူတွေက ၁၅၀၀ အပြင် သူတို့ ခရီးစရိတ်ခဆိုပြီး နောက်ထပ် ၅၀၀၀ ကျပ် တောင်းယူပါတယ်။ ဖုန်းကဒ် ပေါက်တဲ့သူတွေက ဖုန်းကဒ်တခု ရရှိဖို့အတွက် စုစုပေါင်း ၆၅၀၀ ကျပ် ပေးရပါတယ်” ဟု ဖုန်းကဒ် မဲပေါက်သူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် ဇူလိုုင်လအတွင်းက တကြိမ် မဲစနစ်ဖြင့် ဖုန်းကဒ် ၃၀ နှင့် သြတ်စ်လ ၂၈ ရက်နေ့က ဖုန်းကဒ် ၅၄ ခု မဲစနစ်ဖြင့် ထုတ်ဝေခဲ့သည်ဟု သိရသည်။

ကမ််းထောင်းကြီးကျေးရွာတွင် အိမ်ထောင်စုပေါင်း ၃၀၀၀ ခန့်ရှိပြီး ပထမအကြိမ်   မဲပေါက်သူများကို ချန်လှပ်ကာ ကျန်အိမ်ထောင်စုများကို ပြန်လည် မဲဖေါက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယ အကြိမ် မဲဖေါက်ရာတွင် ပထမအကြိမ် ပေါက်ပြီးသူများကို ချန်လှပ်ပြီး ကျန်ရှိသော အိမ်ထောင်စုများကို မဲဖေါက်ရာတွင် ကျေးရွာအုပ် ချုပ်ရေးမှူးအဖွဲ့ဝင်များက မတရားသောနည်းဖြင့် ပြုလုပ်ခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှူး အဖွဲ့က ပထမတစ်ကြိမ် ဖုန်းကဒ်အရေအတွက် ၃၀ မဲဖောက်တဲ့ခါ ရွာကလူတွေကို စာရင်းပေးရပြီး  အခု ဖုန်းအရေအတွက် ၅၄ ခု ဖောက်တဲ့ခါ စာရင်းမလိုတော့့ပြီဆိုပြီး ပြောပါတယ်။ မဲဖေါက်တဲ့ အခါမှာလဲ ဘယ်သူ ပေါက်တယ်ဆိုပြီး စာရင်းကို မဖေါ်ပြတဲ့အပြင် မဲဖေါက်ပြီးရင်လဲ ဖုန်းကဒ် ၆ ခု ကျန်ရှိသေး ပါတယ်။ အဲဒါကို ကျေးရွာသားတွေက မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖုန်းကဒ်တခုလျှင် အစိုးရသတ်မှတ်စျေး ၁၅၀၀ ကျပ်ရှိသော်လည်း ပြင်ပတွင် ဖုန်းကဒ် တခုကို ကျပ်ငွေ တစ်သိန်းခွဲအထိ စျေးရှိနေကြောင်း စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

“ စစ်တွေမှာ ဖုန်းကဒ်တွေ မဲဖေါက်တဲ့အခါမှာလဲ အဓိက ၀န်ထမ်းတွေကို ဦးစားပေး ဖေါက်ပေးပါတယ်။ ထုတ်ပေးတဲ့ ဖုန်းကဒ်အရေအတွက်က နည်းတော့ ဖုန်းကဒ်လိုချင်တဲ့သူတွေက ဖုန်းကဒ်ပေါက်တဲ့သူတွေဆီမှာ ကျပ်ငွေတစ်သိန်းခွဲထိ ပေးပြီး ၀ယ်ယူနေရတယ်။ ငွေမရှိတဲ့ သူတွေ အတွက်ကတော့ ဖုန်းသုံးဖို့ အခက်အခဲ အများကြီး ရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် မဲစနစ်ဖြင့် ဖုန်းကဒ်များကို တစ်ခုလျှင် ၁၅၀၀ ကျပ် စျေးနှုန်းသတ်မှတ် ကာ ထုတ်ဝေပေးနေသော်လည်း တချို့မြို့နယ်များတွင် အုပ်ချုပ်သူများက ဖုန်းကဒ်တခုလျှင် စျေးနှုန်းအမျိုးမျိုး ကောက်ခံနေသည်ဟုလည်း သိရှိရသည်။

Most read this week