တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိ တကိုယ်တော် ဆန္ဒပြတောင်းဆို

တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိ တကိုယ်တော် ဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။

“ သူက ပထမ လေးတောင်ကို လာပြီး ပိုစတာ တစ်ခုကို ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။ ဆန္ဒပြတာကတော့ မြဇင်ကျေးရွာ အနီးကနေ လေးတောင် ထိ လမ်းလျှောက်ပြီး တိုက်နယ်ဆေးရုံနဲ့ လေးတောင်ရဲစခန်းရှေ့မှာ ဆန္ဒပြပါတယ်။ နောက်တော့ လေးတောင်ကနေ ရမ်းဗြဲထိ ချီတက်ပြီး ဆက်လက် ဆန္ဒပြပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့တွင် လှည့်လည် ဆန္ဒပြပြီး နံနက် ၁၀ နာရီကျော်တွင် ဆန္ဒပြပွဲကို ရပ်နားလိုက်သည်ဟု ဆိုသည်။

သူကိုင်ဆောင်ထားသော ပိုစတာထဲတွင် “ လေးတောင်တိုက်နယ်နဲ့ စကုတိုက်နယ် ဆေးရုံများတွင် ဆရာဝန် အခုချပေး” ဟု ရေးသား ထားသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ မရှိသဖြင့် ရောဂါ ဖြစ်ပွားနေသော လူနာများ အနေဖြင့် ဆေးဝါးကုသရန် အထူးခက်ခဲနေသည်ဟု ကိုသန်းဝင်းက ပြောသည်။

မိုးရာသီ ဖြစ်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မကြာခဏ ချောင်းဆိုး အအေးမိပြီး ဖျားနာကြသော်လည်း ဆရာဝန် မရှိသဖြင့် ဆေးမကုရဘဲ ဖြစ်နေကြရသည်ဟု သူက ဆိုသည်။

Most read this week