သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယခုလလယ်ပိုင်းက ရေလွှမ်းခံရပြီး တပတ်ခန့်အကြာ နေရာဟောင်းများ တွင်သာ ရေထပ်လွှမ်းနေပြီဖြစ်ကြောင်း ကျိုင်းတုံဒေသခံများကပြောပါသည်။
“ အရင် ကတ်ထိုက်အုပ်စု ၊ ကတ်ဝုန့်ရွာ၊ ကန်နားနွဲ့ရွာ အဲဒီရွာတွေထဲကို ရေထပ်ဝင်တယ်။ တောင်ကျ ချောင်းရေတွေကနေ နမ့်ခင် နမ့်လပ်ချောင်းထဲစီးဝင်ပြီး ရေလျှံတာပေါ့။ ဗြုန်းမြေ တောင်မြေတွေပါတော့ လယ်တွေထဲဝင် ကုန်တာ။ အချို့နေရာ တွေဆိုရင် ၄ ပေ လောက် အထိမြင့်တယ်။ ခြံစည်းရိုးလောက်မြင့်တယ်။ ခုတ်ဖြတ် ခံရတဲ့ သစ်ငုတ်တွေ အမြစ်ပါ ကျွတ်ထွက် မျောပါလာတာ။ စပါးခင်းတွေတော့ ရစရာ မရှိတော့ဘူး” ဟု ကျိုင်းတုံမြို့နေ အစိမ်းရောင်ပတ်ဝန်းကျင်နှင့် သစ်ပင်မြတ်နိုးသူများအသင်း ဥက္ကဌ စိုင်းခမ်းနိုင်က ပြောပါသည်။
၂၅ နှင့် ၂၆ ရက် ညက မိုးရွာသွန်းမှုကြောင့် ၂၇ ရက်နေ့တွင် မိုးတိတ်သွားပြီဖြစ်သော်လည်း တောင်ကျချောင်း ရေစီးဝင်၍ နမ့်လပ် နမ့်ခင်ချောင်းရေလျှံကာ ကတ်ထိုက်အုပ်စု ကတ်ဝုန်ရွာတွင် နေအိမ် ၂၈ လုံးပျက်စီးခဲ့ကြောင်း ဒေသခံ ၁၃၂ ဦး ရေဘေးသင့်ကာ ခိုလှုံနေစရာ ကင်းမဲ့ရကြောင်း ဆိုပါသည်။
ထို့အပြင် ကားလမ်း ဆိုင်ကယ်လမ်းမပေါက်သော တောကျသည့် ရွာများတွင်လည်း ရေဘေးသင့်ခြင်းရှိခဲ့ ကြောင်း၊ ကူညီ ထောက်ပံ့မည့်အဖွဲ့ တဖွဲ့မှ မရောက်ကြောင်း ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုတွေ့မြင်ခဲ့ရသည့် စိုင်းခမ်းနိုင်က ဆိုပါသည်။
“ဝမ့်ကန်နွဲ့ရွာမှာဆိုရင် နေအိမ် ၁၉ လုံး ပျက်စီးတယ်။ လယ်မြေတွေ ပျက်စီးတယ်။ ပြန်စိုက်စားလို့ မရတော့ လောက် အောင်ပျက်တာ။ ကူညီထောက်ပံ့တဲ့အဖွဲ့တချို့တလေတော့ တွေ့တယ်။ လမ်းဘေး လက်ကမ်းလို့ ရတဲ့နေရာလောက်ဘဲ သူတို့ ကူညီထောက်ပံ့တယ်။ နဲနဲအထဲထပ်ဝင်ရရင် တဖာလုံ လောက် လဲ မဝင်ကြဘူး။ အကူအညီလိုအပ်တဲ့ရွာ တွေအများကြီးကျန်နေပါသေးတယ်” ဟု ဆိုပါသည်။
အကူအညီမရသေးသည့် ရွာများအတွက် ယနေ့တွင် တြိဂံတိုင်းမှူးက သွားရောက် ကူညီပေးဝေသည် ဟုလည်း ဒေသခံ အိုက်ယီ့က ပြောသည်။
အခုလ ဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝတ့် ဆောင်း(ဝ်း) ကျေးရွာအုပ်စု၊ ကတ်တောင်(ဝ်) ကျေးရွာအုပ်စု အတွင်း ဝတ်ကောင့်ဘုန်းကြီးကျောင်း၊ ကျေးလက်ဒေသန္တရ ဆေးပေးခန်း၊ ကြက်ခြံ၊ ကျွဲ၊ နွား၊ အိမ်မွေး ကြက်ဝက်များ၊ လယ်ဧက ၃၀၀ - ၄၀၀ ကြား ရေလျှံမှုနှင့်အတူ ပျက်စီးဆုံးရှုံးသွားခဲ့ရပါသည်။
အလားတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုး ကွတ်ခိုင် နမ့်ခမ်း မူစယ်တို့တွင်လည်းရေလျှံမှုနှင့်ကြုံတွေ့ နေရသည်ဟု ဒေသခံများ ကပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင်မူ ယခုအပတ်အတွင်း တတိယအကြိမ်ရေကြီးမှုကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများပြားနေလျှက်ရှိရာ လယ်သမားများ သောကရောက်နေရကြောင်း ဒေသခံများကပြောပါသည်။