ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်သော်လည်း KNU ၏ ကံကြမ္မာကို ၀ကွက်အပ်မည်မဟုတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်သော်လည်း KNU ၏ ကံကြမ္မာကို ၀ကွက်အပ်မည်မဟုတ်
by -
မဇ္ဈိမ

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကံကြမ္မာကို “၀”ကွက်အပ်မည်မဟုတ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် မန်းငြိမ်းမောင်က သြဂုတ် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

မန်းငြိမ်းမောင်က “ကျွန်တော်တို့မှာလည်း တော်လှန်ရေးအတွေ့အကြံု၊ နိုင်ငံရေး အတွေ့အကြံုတွေ ရှိပါတယ်” ဟု ဆိုလိုက်ပြီး “ကျွန်တော်တို့ နိုင်ငံရေးသတိ အမြဲရှိတယ်”ဟုလည်း ဆက်လက် ပြောကြားခဲ့သေး သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းရုံးသည် သမ္မတ၊ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ၀န်ကြီးဦးအောင်မင်း၊ ကာချုပ်တို့နှင့် ယခုနှစ်ဆန်းက တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးထား သော်လည်း၊ ထာဝရ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိရန်၊ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေး ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။

အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးကိုသာ ဆွေးနွေးထားပြီး နိုင်ငံရေးအရ ဆွေးနွေးသည့်အဆင့်အထိ မရောက်နိုင်ပါက “ဒီမိုကရေစီရေးတို့ တိုင်းရင်းသား ရင်ကြားစေ့ရေးတို့ ဆိုတာ အိပ်မက် တောင် မက်လို့ မရပါဘူး” ဟုလည်း မန်းငြိမ်းမောင်က ထောက်ပြ ဝေဖန်ခဲ့သည်။

ထို့ပြင် “တိုင်းရင်းသားတွေ အားလုံးက ကိုယ့်ပြည်နယ်က ထွက်တာ ကိုယ်နဲ့ဆိုင်တယ်လို့ ယူဆတယ်။ အစိုးရကလည်း တိုင်းပြည်ရဲ့သယံဇာတမှန်သမျှကို ပိုင်ဆိုင်ကြောင်း ၂၀၀၈ ဥပဒေ(အခြေခံဥပဒေ)ထဲမှာ ထည့်သွင်း ပြဋ္ဌာန်း ထားတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ အရေးကို ပြေလည်ချင်တဲ့စိတ် အမှန်တကယ်ရှိရင် ဒါကို ပြန်ပြီး သုံးသပ်ဖို့ လိုပါတယ်”ဟု မန်ငြိမ်းမောင်က ဆက်လက် ပြောကြားခဲ့သေးသည်။